Myanmar National Post

မိုင်းရယ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ပြည်ပနိုင်ငံသား ၂ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင်အတူ ထပ်မံဖမ်းဆီးရမိ





နေပြည်တော်၊ ဩဂုတ် ၂၈

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ် အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေး လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေ ဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများ အလေးထား ဆောင်ရွက်လျက်ရှိ သည်။ 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၊ မန်မိုင်းကျေးရွာနှင့် မန်းကကျေးရွာကြား တရားမတင်အွန်လိုင်း လိမ်လည်မှု လုပ်ကိုင်သူများအား သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက် သွား သည့် တရုတ်နိုင်ငံသား အမျိုးသား ၁ဦးနှင့် ကဇက်စတန်နိုင်ငံသား အမျိုးသား ၁ဦး တို့အား ဖုန်းမျိုးစုံ ၁၀လုံးနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် နာလီကျေးရွာအနီး ၌ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post