
အမေရိကန်ပြည်ထောင်စုက အီရန်သည် စီးပွားရေးကျပ်တည်းစေရမည်ဟု ခြိမ်းခြောက်ထားသည် ဆိုသော်လည်း အောင်မြင်သောပိတ်ဆို့မှုဖြစ်ပေါ်လာရေးသည် တရုတ်ထံမှ အလားအလာမရှိသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်လိမ့်မည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ သက်တမ်းခြောက်လနီးပါးသို့ရောက်လာချိန်တွင် အမေရိကန်က အီရန်ကို ပိတ်ဆို့မှုချမှတ်မည့် အစီအစဉ်များကိုတိုးချဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး တီဟီရန် ဆက်လက်ရပ်တည်နိုင်ရေးအ တွက် ကူညီသောနိုင်ငံမှန်သမျှသည် တစ်ကမ္ဘာလုံးက ၀ိုင်းပယ်သောနိုင်ငံဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့သည်။
အမေရိကန်၏ပိတ်ဆို့မှုစာရင်းကြောင့် ထိခိုက်သော ကုမ္ပဏီများထဲတွင် တရုတ်ကုမ္ပဏီများပါဝင်နေသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး စကော့ဘက်ဆန့်က အမေရိကန်၏အရေးယူပိတ်ဆို့မှု အစီအစဉ်တွင် တရုတ် ပါဝင်ရန် ပြောကြားထားသည်။
တရုတ်က အမေရိကန်၏အစီအစဉ်တွင် ပါဝင်မည့်အစား အီရန်နှင့် ၎င်း၏ပူး ပေါင်းဆောင်ရွက်မှုများကို ကာကွယ်ပြောဆိုလိုက်ပြီး ၎င်း၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်မည်ဟု ကြုံးဝါးခဲ့သည်။
သိသာထင်ရှားနေသော ထွက်ပေါက်မရှိသည့် အခြေအနေက တရုတ်နှင့် အမေရိကန်တို့၏ဆက်ဆံရေးများကို ထပ်မံဆိုးရွားစေနိုင်သည်။ အထူးသဖြင့် စက်တင်ဘာတွင် တရုတ်သမ္မတရှီကျင်းပင် အမေရိကန်သို့ လာမည့် ခရီးမတိုုင်မီ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားမည့် အနေအထားဖြစ်နေသည်။
အီရန်က အရေးယူပိတ်ဆို့မှုများကို ရှောင်ကွင်းရန် ရှုပ်ထွေးသော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကွန်ရက်များကို အသုံးပြု၍ ပိတ်ဆို့မှုများ သက်သာသွားအောင်လုပ်နေသည်မှာ ဆယ်စုနှစ်ချီရှိပြီဖြစ်သည်။
အီရန်၏စီးပွားရေးကို ကျပ်တည်းအောင်လုပ်ဆောင်ခြင်းသည် တရုတ်၏အကူအညီ သေချာပေါက် လိုအပ်လိမ့်မည်ဟု စင်ကာပူ၏နန်ယန်းတက္ကသိုလ်က နိုင်ငံရေးဆိုင်ရာ သိပ္ပံပညာရှင် ဒိုင်လန်းလိုက ပြောကြားခဲ့ သည်။
တရုတ်သည် အီရန်ရေနံကို အဓိကဝယ်နေသော ဖောက်သည်ဖြစ်သည်။ များပြားလှ သောနှစ်နိုင်ငံကုန်သွယ်မှုများသည် အမေရိကန်ပိတ်ဆို့မှုစာရင်းထဲမပါသော တရုတ်ငွေကြေးကို အားပြုနေသည်။
စစ်မဖြစ်မီက အီရန်သည် တရုတ်ထံ နေ့စဉ် ရေနံစည် သန်းချီတင်ပို့ပေးခဲ့သည်။
“ရေနံဟာ အဓိကကျတဲ့ စီးပွားရေး လီ ဗာဖြစ်ပါတယ်”ဟု ၀ါရှင်တန်ရှိ ဥရောပမူဝါ ဒလေ့လာဆန်းစစ်ရေးအတွက် စင်တာ၏အဖွဲ့ဝင် နီနိုလက်ဇ်ဟာဗာက ပြောကြားခဲ့သည်။
ရှန်ဟိုင်း၏ဖုတန်တက္ကသိုလ်၌ နိုင်ငံရေး သိပ္ပံပါမောက္ခအဖြစ်ဆောင်ရွက်နေသူ ဆွန်ဒီဂန်းက “အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှု အများအပြား ပိတ်ဆို့ခံနေရတယ်ဆိုပေမယ့်လည်း အလယ် အာရှ အဝေးပြေးကားလမ်းတွေနဲ့ ရထားလမ်းတွေကြောင့် တရုတ်ဟာ အီရန်ရဲ့ရေနံစိမ်းတွေနဲ့လုံးလုံး ကင်းကွာမနေပါဘူး”ဟု ပြောကြားခဲ့သည်။
တရုတ်၏ရေနံစိမ်းဝယ်ယူမှုများက ယခင်ထက်ပိုနည်းသွားသည့်တိုင် သူတို့သည် အရေးကြီးသော ဝင်ငွေအရင်းအမြစ်အဖြစ် ဆက်လက်ရှိနေသည်ဟု ဆိုသည်။
Ref: AFP