Eleven Media Group

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်

■ နယ်စပ်ကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသလုံခြုံမှုနှင့် တည်ငြိမ် အေးချမ်းမှု ရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်မည့်အခြေအနေများ
​ဆွေး​နွေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Tor Saralamba သည် ယနေ့(သြဂုတ် ၂၈ ရက်)နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့​ကြောင်း သိရသည်။

သံအမတ်ခန့်အပ်လွှာမ​ပေးအပ်မီ ထိုင်းနိုင်ငံသံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ ဂုဏ်ပြုဆောင်ခန်းမကြီးသို့ရောက်ရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ထိုင်းနိုင်ငံအလံတို့အား အလေးပြုပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်း များကို တီးမှုတ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာ နိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba က ၎င်း၏သံအမတ် ခန့်အပ်လွှာကိုပေးအပ်သည်။

ဆက်လက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံသည် ကောင်းမွန်သော သံတမန်ဆက်ဆံမှုများနှင့်အတူ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာတိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခွာ၍မရသော အပြန်အလှန်နားလည် ယုံကြည်ရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသလုံခြုံမှုနှင့် တည်ငြိမ် အေးချမ်းမှု ရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံသည် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက် ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့​ကြောင်း သိရသည်။

အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်ဇနီးနှင့် တာဝန်ရှိသူတို့တက်ရောက်ခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group