
ကရင်ပြည်နယ် မြဝတီမြို့တွင် မိုးကြီးပြီး ရေပြည့်ရေလျှံ နစ်မြုပ်ခဲ့သည့်သောင်ရင်းမြစ်ရေ ပြန်ကျသွားပြီဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များ၌ တင်ကျန်ရစ်သော အမှိုက်များအား ယနေ့ (သြဂုတ် ၂၉ ရက်) နံနက်ပိုင်းတွင် စုပေါင်းရှင်းလင်းခဲ့ကြကြောင်း သိရသည်။
မြဝတီမြို့ သောင်ရင်းမြစ်ရေသည် သြဂုတ် ၂၀ ရက်မှစ၍ စိုးရိမ်ရေမှတ်ထက် မြင့်တက်ကာ မြို့ပေါ် ၅ ရပ်ကွက်၏ အနိမ့်ပိုင်းနေရာများအားလုံး ရေနစ်မြုပ်ကာ ယာယီကယ်ဆယ်ရေးစခန်းများသို့ လူဦးရေ ၂၀၀၀ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။
ယခုအခါ ရေကျသွားပြီဖြစ်သော်လည်း အနိမ့်ပိုင်းရပ်ကွက်ရှိ လမ်းများ၌ ရွှံ့နွံနှင့် အမှိုက်များ အများအပြားတင်ကျန်ရစ်ခဲ့ခြင်းကြောင့် ယနေ့ (သြဂုတ်လ ၂၉ ရက်) တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များက စုပေါင်းရှင်းလင်းရေး ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ထို့အပြင် မြဝတီနယ်စပ်မြို့၌ အပတ်စဉ် စနေနေ့တိုင်းလည်း စုပေါင်းသန့်ရှင်းရေးများကို ပြုလုပ်လေ့ရှိပြီး မြစ်ရေကျပြီး တင်ကျန်နေသည့် အမှိုက်များကို အဖွဲ့စုံမှ စုပေါင်းအားဖြင့် ဖယ်ရှားရှင်းလင်းနေကြခြင်းဖြစ်သည်။
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင်လည်း အထင်ကရနေရာများနှင့် ပြည်တွင်း/ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာဒေသများကို အဖွဲ့များစုဖွဲ့၍ စုပေါင်းအမှိုက်သိမ်း ရှင်းလင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photos: Sayar That