Eleven Media Group

၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း တင်သွင်းရမည်

၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း တင်သွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် ၅၀ဝ ကျပ်နှင့် စာမေးပွဲဝင်ကြေး အတွက် ၂၀၀ဝ ကျပ် တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ ရောင်းချပေးမည်ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာ၌ ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်၊ ပန်းရောင် ဖြေဆိုခွင့် လျှောက်လွှာ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း၊ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များတွင် စာမေးပွဲဝင်ကြေး ၂၀၀ဝ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ တွဲဖက်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူ များ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၂၀၀ဝ ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှု ရှိ-မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်ပေးပို့ကြရန်ဖြစ်ကြောင်း၊ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

အလားတူ ၂၀၂၇-ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ၅၀၀ ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် ၂၀၀ဝ ကျပ်တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ ရောင်းချပေးမည်ဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရာ၌ အပြာရောင်ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံ၌ ဖြေဆိုမည့် ဘာသာတွဲကို ရွေးချယ်ဖော်ပြရမည်ဖြစ်ကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများမှ စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေး အတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၂၀၀၀ ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ မြို့နယ်ပညာရေးမှူး ရုံးမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြား တွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့်ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှု ရှိ-မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန်ဖြစ်ကြောင်း၊ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့ နယ်၊ ရန်ကုန်မြို့ တွင် လာရောက်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

ပုံစာ-၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူများကို တွေ့ရစဉ်။

မူရင်းသတင်း — Eleven Media Group