
မော်လမြိုင်မြို့ရှိ Royal Hinthar Hotel အရှေ့ရှိကားပါကင်တွင် ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ် ၂၈ ရက် နံနက် ၁၁ နာရီ ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးသတင်းအရ မော်လမြိုင်မြို့နယ်၊ ကျုံစိန်ကျေးရွာလမ်းဝ မော်လမြိုင် - ဘားအံကားလမ်းဘေးတွင် ဘားအံမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသော MITSUBISHI PAGERO အမျိုးအစား မော်တော်ယာဉ်တစ်စီးအားရပ်တန့်စစ်ဆေးခဲ့ရာ အသက် (၄၇) နှစ်အရွယ် ကျော်လွင်မိုး ဆိုသူမောင်းနှင်ပြီး၊ ယာဉ်မောင်းဘေးတွင် အသက် (၄၆) နှစ်အရွယ် ဇေယျာဝင်း (ခ) ဆန်းပွင့် (ခ) သားချို ဆိုသူနှင့် နောက်ခုံတွင် အသက် (၃၂) နှစ်အရွယ် မအိသွင်ရွှေ တို့လိုက်ပါလာပြီး ၎င်းတို့၏ ခန္ဓာကိုယ်နှင့် မော်တော်ယာဉ်တို့အား သက်သေများရှေ့တွင် ရှာဖွေခဲ့ရာ လက်ကိုင်ဖုန်း (၃) လုံးနှင့် ကားသော့တစ်ချောင်း၊ ငွေစက္ကူရောရာ ကျပ်သိန်း (၂၅၀) တို့အား သိမ်းဆည်းခဲ့သည်။
ထို့နောက် ကျော်လွင်မိုး၊ ဇေယျာဝင်း (ခ) ဆန်းပွင့် (ခ) သားချို နှင့် မအိသွင်ရွှေ တို့အား မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရာ မော်လမြို်ငမြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းရှိ Royal Hinthar Hotel ရှိကားပါကင်တွင် ရပ်တန့်ထားသော အဖြူရောင်မော်တော်ယာဉ်ပေါ်တွင် မူးယစ်ဆေးဝါးများဝှက်၍ သိမ်းဆည်းထားကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ထို Royal Hinthar Hotel ရှိကားပါကင်တွင် ရပ်တန့်ထားသော TOYOTA WISH အမျိုးအစား အဖြူရောင်မော်တော်ယာဉ် စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းတွင် “ဖွေးဖွေး” စာတန်းပါ အဖြူရောင်ဆာလာအိတ်အတွင်း အဖြူရောင်ပလပ်စတစ်အိတ်အပြာရောင်စက္ကူ၊ ဖယောင်းစက္ကူ၊ အဝါရောင်တိတ်၊ အဖြူရောင် ရေကြည်အိတ်၊ အဖြူရောင်မှိုင်းခံစက္ကူတို့ဖြင့် အဆင့်ဆင့်ထုပ်ပိုး၍ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း (၂၅၀၀၀၀) ပြား ကာလတန်ဖိုးငွေကျပ် (၈၇၅၀) သိန်းအားလည်းကောင်း၊ “ဖွေးဖွေး” စာတန်းပါ အဖြူရောင်ဆာလာအိတ်၊ အပြာရောင်စက္ကူ၊ အဖြူရောင်ရေကြည်အိတ်၊ ဖယောင်းစက္ကူ၊ အဝါရောင်တိတ်အကြည်ရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော ဘိန်းဖြူအလေးချိန် (၃၅၀) ဂရမ်ခန့်ပါ လေးထောင့်ပုံ ဘလောက်တုံး (၇၉) တုံး၊ အလေးချိန် (၂၇၆၅၀) ဂရမ်ခန့် ကာလတန်ဖိုးငွေကျပ် (၁၃၈၂) သိန်း ကျပ်အားလည်းကောင်းရှာဖွေတွေ့ရှိခဲ့သည်။
ထို့အပြင် မော်တော်ယာဉ်၏ ကြမ်းခင်းအတွင်းဝှက်၍ စီတန်းထည့်ထားသော အဖြူရောင်ပလပ်စတစ်အိတ်၊ အပြာရောင်စက္ကူ၊ အဖြူရောင်ရေကြည်အိတ်၊ ဖယောင်းစက္ကူ၊ အဝါရောင်တိတ်၊ အကြည်ရောင်ပလပ်စတစ်အိတ်ဖြင့်ထားသော ဘိန်းဖြူ အလေးချိန် (၃၅၀) ဂရမ်ခန့်ပါ လေးထောင့်ပုံ ဘလောက်တုံး (၁၀၀) တုံး၊ အလေးချိန် (၃၅၀၀၀) ဂရမ်ခန့် ကာလတန်ဖိုးငွေကျပ် (၁၇၅၀၀) သိန်းအားလည်းကောင်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ ဆက်စပ်တရားခံတွေကိုလည်း ဖေါ်ထုတ်ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ နောက်ထပ်လည်း ကွင်းဆက်တရားခံတွေကို ရှာဖွေဖော်ထုတ်နေပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် မူး/ယစ်/စိတ်/ပြောင်း ဥပဒေများဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
#မူးယစ်ဆေးဝါးများ #elevennews #RoyalHintharHotel