
နီပေါနိုင်ငံရှိ ဘိုတေခိုရှီမြစ်အတွင်း ရေအမှတ် မြင့်တက်လာပြီးနောက် ဩဂုတ် ၃၀ ရက်တွင် နောက်ထပ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း နီပေါ အာဏာပိုင်များက သတိပေးထားပြီး ရေဘေးသင့် ခရိုင်များရှိ ဒေသခံများအား အထူးသတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။
ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့သည့် အပျက်အစီး ပြင်းထန်သော ရေဘေးကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် ဒေသတစ်ခုနှင့် ခတ်မန်ဒူမြို့ကို ဆက်သွယ်ထားသည့် အဓိက လမ်းမကြီးတစ်ခုအား ပွင့်သွားစေရန် ကယ်ဆယ်ရေးအဖွဲ့များက ရှင်းလင်းရေး လုပ်ဆောင်နေချိန်တွင် ဩဂုတ် ၃၀ ရက်နံနက်ပိုင်းတစ်လျှောက်လုံး ပြည်သူများ၏ ဖုန်းများသို့ ရေဘေးသတိပေးချက်များ ပေးပို့ခဲ့သည်။
ဂယ်လ်ချီ မြို့တွင်မူ ဒေသခံ တစ်စုသည် အနီးအနားရှိ တံတားတစ်စင်းပေါ်သို့ တက်၍ ကုန်းမြင့်ပိုင်းသို့ ရှောင်ရှားခဲ့ကြပြီး မြစ်ရေ တစ်ဟုန်ထိုး စီးဆင်းသွားသည်ကို ကြည့်ရှုခဲ့ကြသည်။
ဩဂုတ် ၃၀ ရက်နေ့နောက်ဆုံးရရှိသော သတင်းများအရ နီပေါနှင့် တိဗက်တို့တွင် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၇၅၀ အထိ မြင့်တက်လာခဲ့ပြီး လူပေါင်း ၃,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။
တရုတ် အာဏာပိုင်များဘက်က မြစ်ညာပိုင်းတွင် ရေစီးကြောင်းများ ပိုမို မြင့်တက်လာကြောင်း နီပေါဘက်သို့ အကြောင်းကြားပြီးနောက် အဆိုပါ နောက်ဆုံး သတိပေးချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု နီပေါ အမျိုးသား ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Dharam Raj Uprety က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
Ref:AP
Photo:AFP