Eleven Media Group

■ အိန္ဒိယတွင် ပိုးဟပ်လှုပ်ရှားမှု ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ် ၅ ရက်စီ ချမှတ်ခံရ

အိန္ဒိယတွင် ပိုးဟပ်လှုပ်ရှားမှု ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ် ၅ ရက်စီ ချမှတ်ခံခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ၏ လူငယ်များ ဦးဆောင်သည့် ပိုးဟပ် ဂျန်တာပါတီ (CJP) ၏ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သော အာရှူးတော့ရှ် ရန်ကာနှင့် ဆူရာ့ဗ် ဒက်စ်တို့သည် တရားမဝင် ကျူးကျော်ဝင်ရောက်မှု စွပ်စွဲချက်ဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ထောင်ဒဏ် ၅ ရက်စီ ချမှတ်ခံခဲ့ရကြောင်း အဆိုပါ ပါတီက ထုတ်ပြန်ခဲ့သည်။

CJP ပါတီ တည်ထောင်သူ အဘီဂျစ် ဒစ်ပ်ကေးကလည်း ဒက်စ်နှင့် ရန်ကာတို့အား ၅ ရက်ကြာ တရားရုံးအချုပ်အတွင်းသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း လူမှုမီဒီယာ ပို့စ်တစ်ခုတွင် ရေးသားဖော်ပြခဲ့သည်။

ဒေလီရဲတပ်ဖွဲ့က မြို့တော်၏ ဗဟိုချက်မ၌ရှိသော ဂျန်တာ မန်တာလမ်းအား တရားဝင် ဆန္ဒပြခွင့်ပြုထားသည့် နေရာများစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့ပြီး တစ်ရက်အကြာ အောက်တိုဘာ ၁၃ ရက်တွင် ဒက်စ်နှင့် ရန်ကာတို့သည် အဆိုပါနေရာအတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဒစ်ပ်ကေးက အောက်တိုဘာ ၁၃ ရက်တွင် အွန်လိုင်းပေါ် တင်ခဲ့သည့် ဗီဒီယိုတစ်ခု၌ ဒက်စ်နှင့် ရန်ကာတို့သည် ဂျန်တာ မန်တာလမ်းရှိ အတားအဆီးများကို ကျော်တက်ကာ နေရာလွတ်အတွင်းသို့ ပြေးဝင်ပြီး အမျိုးသားအလံကို ဝှေ့ယမ်းခဲ့ကြသည်ကို မြင်တွေ့ရပြီး ထို့နောက် ရဲတပ်ဖွဲ့က ၎င်းတို့နောက်သို့ လိုက်လံဖမ်းဆီးထိန်းသိမ်းခဲ့ပုံကို ဖော်ပြထားသည်။

ပိုးဟပ် လှုပ်ရှားမှုကို ထောက်ခံသူများနှင့် အတိုက်အခံပါတီများက ရွေးကောက်ပွဲကော်မရှင်သည် ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ အာဏာရပါတီ အကျိုးရှိစေရန် မဲဆန္ဒရှင် စာရင်းများကို ပြုပြင်ထားကြောင်း စွပ်စွဲခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုနေကြပြီး လွန်ခဲ့သော ရက်ပိုင်းအတွင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်ကမူ မဲစာရင်း မသမာမှုတစ်စုံတစ်ရာ ပြုလုပ်ထားခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

ဆန္ဒပြပွဲများဖြစ်ပွားခဲ့သော ဂျန်တာ မန်တာဧရိယာအား ပိတ်ဆို့ထားသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များကိုလည်း အင်အားသုံး ဖြန့်ကျက်ချထားသည်။

CJP ပါတီ တည်ထောင်သူ ဒစ်ပ်ကေးက ဒက်စ်နှင့် ရန်ကာတို့ဘက်မှ ကာကွယ်ပြောဆိုခဲ့ပြီး ၎င်းတို့သည် ဂျန်တာ မန်တာတွင် နိုင်ငံတော်အလံကို လွှင့်ထူခဲ့ခြင်းအတွက် အပြစ်ပေးခံနေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ်မိုဒီအနေဖြင့်လည်း သတ္တိရှိကြောင်း ရဲဝံ့စွာပြသရန် ဒစ်ပ်ကေးက လူမှုမီဒီယာမှတစ်ဆင့် တိုက်ရိုက်စိန်ခေါ်စကား ဆိုခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group