Eleven Media Group

■ နီပေါနိုင်ငံ ရေဘေးသင့်ဒေသတွင် နိုင်ငံခြားသား တောင်တက်ခရီးသွား ၁၀၀ ကျော် ပိတ်မိနေ

နီပေါနိုင်ငံ အလယ်ပိုင်းတွင် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်က မြစ်ရေလျှံမှုကြောင့် တောင်တက်လမ်းကြောင်းများနှင့် တံတားများ ပျက်စီးသွားသဖြင့် နိုင်ငံခြားသား တောင်တက်ခရီးသွား ၁၀၀ ကျော် နေရာအနှံ့တွင် ပိတ်မိနေသည်ဟု အာဏာပိုင်များက အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ခတ္တမန္ဒူမြို့၏ အနောက်ဘက် ၆၂ မိုင်ခန့်အကွာ ဂေါ်ခါခရိုင်တွင် ပြီးခဲ့သည့်သီတင်းပတ်ကုန် အရုဏ်တက်ချိန်မတိုင်မီ မြေပြိုမှုကြောင့် ဗုဒီဂန်ဒါကီမြစ် ပိတ်ဆို့ခဲ့ပြီး အောက်ပိုင်းဒေသများတွင် ရေကြီးခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များက အောက်တိုဘာ ၁၂ ရက်တွင် နိုင်ငံခြားသား ၁၂ ဦးအပါအဝင် လူ ၃၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး မြစ်ရေပြန်ကျလာသော်လည်း အောက်တိုဘာ ၁၃ ရက်တွင်ပါ ကယ်ဆယ်ရေးဆက်လုပ်မည်ဟု စစ်တပ်က ပြောသည်။

ရေကြီးမှုကြောင့် လူသေဆုံးမှုရှိကြောင်း သတင်းမထွက်လာသေးသော်လည်း ရွှံ့နွံအပျက်အစီးများ စီးဆင်းလာမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး ရေအားလျှပ်စစ်စက်ရုံ သုံးရုံအပါအဝင် အခြေခံအဆောက်အအုံများ ထိခိုက်ခဲ့သည်။ ဗုဒီဂန်ဒါကီမြစ်သည် ဩဂုတ်လအတွင်း ရေခဲမြစ်ပြိုကျမှုကြောင့် လူ ၁,၄၅၇ ဦး သေဆုံးပြီး ထောင်နှင့်ချီ ပျောက်ဆုံးနေဆဲဖြစ်သည့် ရေကြီးမှုဖြစ်ပွားခဲ့ရာ မြစ်လက်တက်တစ်ခုနှင့် ဆက်စပ်နေသည်။

ဂေါ်ခါခရိုင် တာဝန်ရှိသူများက ရေဘေးကြောင့် ပြန်လည်ထွက်ခွာလိုသည့် တောင်တက်ခရီးသွားများကို ကယ်ဆယ်ပေးရန် လိုအပ်ပြီး ဆက်လက်ခရီးသွားလိုသူများအနေဖြင့် ဘေးကင်းသည့်နေရာများမှတစ်ဆင့် ခရီးဆက်နိုင်ကြောင်း ပြောသည်။

ကနဦးအချက်အလက်များအရ မြေပြိုမှုကြောင့် ယာယီပိတ်ဆို့ခဲ့သည့် မြစ်ရေစီးကြောင်း ရုတ်တရက် ပြန်လည်ပွင့်ထွက်လာခြင်းက ယခုရေကြီးမှုကို ဖြစ်စေခဲ့ပုံရကြောင်း နီပေါအခြေစိုက် တောင်တန်းဒေသဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာဗဟိုဌာန (ICIMOD) က သုံးသပ်သည်။

Ref: Reuters
Photo: AP

မူရင်းသတင်း — Eleven Media Group