
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ၎င်းအပေါ် စွပ်စွဲချက်များကို ပယ်ဖျက်ရန် ထိုင်းနိုင်ငံ၏ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတည်ဆောက်ရေးဆိုင်ရာ ဥပဒေအရ အောက်တိုဘာ ၈ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခဲ့ကြောင်း ၎င်း၏ရှေ့နေ ဝီညတ် ချတ်မွန်ထရီက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ရှေ့နေအဆိုအရ လျှောက်လွှာတွင် သက်ဆင်က သက်ဆိုင်ရာဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခွင့် ရှိ၊ မရှိ ဆုံးဖြတ်ပေးရန်နှင့် ဥပဒေအရ တာဝန်ယူရမှုအားလုံးမှ ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုထားသည်။ ယင်းလျှောက်လွှာတွင် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမှုနှင့် သက်ဆိုင်သည့် အမှုအားလုံးကို ပေါင်းခြုံတင်ပြထားပြီး အမှုတစ်ခုချင်းစီအလိုက် ခွဲခြားလျှောက်ထားခြင်း မရှိပေ။
“သက်ဆင်က သူ့ရဲ့ဂုဏ်သိက္ခာကို ရှင်းလင်းစေဖို့နဲ့ သူလုပ်ခဲ့သမျှဟာ ပြည်သူတွေနဲ့ နိုင်ငံအတွက်သာဖြစ်တယ်ဆိုတာကို ပြသဖို့ ဒီလျှောက်လွှာကို တင်သွင်းတာပါ။ ဒီကိစ္စရပ်အားလုံးဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ သက်ဆင်က စီးပွားရေးလုပ်ပြီး အေးအေးချမ်းချမ်းပဲ နေချင်တော့တာပါ။ အသက်လည်း ကြီးလာပြီဆိုတော့ နိုင်ငံရေးမှာ ဝင်ပါဖို့၊ နိုင်ငံရေးလောကထဲ ပြန်ဝင်ဖို့ ဆန္ဒမရှိတော့ပါဘူး” ဟု ရှေ့နေကပြောသည်။ လျှောက်လွှာကို ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌထံ လိပ်မူတင်သွင်းထားခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ချတ်ချိုင်းက သက်ဆင်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားပိုင်ခွင့်ရှိသည်ဟု ပြောသည်။ လျှောက်လွှာကို လက်ခံရရှိပြီးပါက တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် စိစစ်ရေးကော်မတီထံ လွှဲပြောင်းပေးမည်ဖြစ်သည်။
စိစစ်ရေးအဆင့်တွင် သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ဆက်လက်စဉ်းစားရန် သင့်လျော်သည်ဟု ဆုံးဖြတ်ခံရပါက ဒုတိယဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ပင်မကော်မတီထံ ဆက်လက်တင်ပြသွားမည်ဖြစ်သည်။
Ref: Nation Thailand