Eleven Media Group

ပင်တဂွန်တွင်ပြုလုပ်မည့် 9/11 တိုက်ခိုက်မှု ၂၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ထရန့်တက်ရောက်မည်

၂၀၀၁ ခုနှစ် ၊ စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် 9/11 အကြမ်းဖက်တိုက်ခိုက်မှု ၂၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပင်တဂွန်စစ်ဌာနချုပ်တွင် ပြုလုပ်မည်ဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့် တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း နယူးယောက်မြို့တွင်ကျင်းပမည့် အဆိုပါအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကာ အခြားအစိုးရအရာရှိများက ပင်ဆယ်ဗေးနီးယားပြည်နယ် ရှန့်ခ်စ်ဗီလ်မြို့တွင်ပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ကြမည်။

ဩဂုတ် ၂၈ ရက်က ဟူစတန်မြို့မှပြန်လာစဉ် Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များက နယူးယောက်အခမ်းအနားကို သမ္မတထရန့် အဘယ်ကြောင့် မတက်ရောက်သလဲဟု မေးမြန်းလာသည့်အပေါ် ထရန့်က “ပင်တဂွန်အခမ်းအနားကို သွားတက်မလို့ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင်ထရန့်က 9/11 နေ့သည် သေဆုံးခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အမှတ်ရမည့်နေ့ဟု လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ်ကလည်း ထရန့်သည် ပင်တဂွန်တွင် နှစ်စဉ်ကျင်းပသည့် 9/11 အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်သည့် အမှတ်တရစကားများ ပြောကြားခဲ့သည်။ ပြန်ပေးဆွဲခံခဲ့ရသည့် လေယာဉ်များပေါ်မှ ခရီးသည်များ၏ စကားသံအချို့ကိုလည်း ထရန့်က ထည့်ပြောခဲ့သည်။

စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုတွင် အယ်လ်ကိုင်းဒါးအဖွဲ့ဝင် ပြန်ပေးဆွဲသမားများက ခရီးသည်တင်လေယာဉ်လေးစင်းကို ပြန်ပေးဆွဲကာ နယူးယောက်မြို့ရှိ World Trade Center အဆောက်အအုံနှစ်ခုနှင့် ဝါရှင်တန်ဒီစီရှိ ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ခဲ့သည်။

ကျန်လေယာဉ်တစ်စင်းက ဝါရှင်တန်ဒီစီရှိ အစိုးရအဆောက်အအုံကို ပစ်မှတ်ထားပျံသန်းစဉ် ခရီးသည်များ၏ ပြန်လည်ခုခံမှုကြောင့် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ လယ်ကွင်းတစ်ခုအတွင်း ပျက်ကျခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့သည်။

Ref: AP

Photo: AP

မူရင်းသတင်း — Eleven Media Group