








ဒဂုံတောင်၊ ဩဂုတ် ၃၁
နိုင်ငံတော် တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်ပြီးပြန်လည်ရောက်ရှိလာသော အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မင်းလတ် နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက လှိုက်လှဲဝမ်းသာစွာ ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာ များတွင် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို အသက်ကိုပင်ပဓာနမထားဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံကာ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။
ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်း ပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar