Eleven Media Group

အမေရိကန်နှင့် အစ္စရေးကို ဆန့်ကျင်ရန်အတွက် ဒေသတွင်းရှိ မွတ်စလင်နိုင်ငံများ စည်းလုံးညီညွတ်ကြရန် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် တိုက်တွန်း

အမေရိကန်နှင့် အစ္စရေးကို ဆန့်ကျင်ရန်အတွက် ဒေသတွင်းရှိ မွတ်စလင်နိုင်ငံများ စည်းလုံးညီညွတ်ကြရန် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီက သြဂုတ် ၃၀ ရက်တွင် တိုက်တွန်းခဲ့သည်။

အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်မှာ ခြောက်လကျော်ကြာမြင့်လာချိန်တွင် မိုဂျ်တာဘာ ခါမေနီက စာတစ်စောင် ရေးသားထုတ်ပြန်ခဲ့ခြင်ြးဖစ်သည်။

အစ္စလာမ်မစ်နိုင်ငံများ၏ ပြဿနာကို ဖြေရှင်းရန်အတွက် စည်းလုံးညီညွတ်သည့် စကားလုံးများ၊ ခင်မင်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် လမ်းကြောင်းပေါ်တွင် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ရှီးယိုက်မွတ်စလင်များ၏ တမန်တော်ဖြစ်သည့် တမန်တော်မိုဟာမက် မွေးနေ့အခမ်းအနားကျင်းပသည့် သြဂုတ် ၃၀ ရက်တွင် မိုဂျ်တာဘာက ပြောကြားခဲ့သည်။

မွတ်စလင်များကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေမည့် သို့မဟုတ် မွတ်စလင် အသိုင်းအဝိုင်းအတွင်း ပဋိပက္ခဖြစ်စေမည့် အရာတစ်ခုခုကို သိလျက်နှင့်ဖြစ်စေ၊ မသိဘဲဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မတော်တဆဖြစ်စေ ပြုလုပ်မိသည့် မည်သူမဆိုသည် အစ္စလာမ်၏ ရန်သူများ၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပေးရာရောက်ကြောင်း မိုဂျ်တာဘာက ၎င်း၏တရားဝင် ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ဒေသတွင်း နိုင်ငံများအနေဖြင့် ရန်သူအစစ်အမှန်ကို ခွဲခြားသိရှိရန်၊ ရန်သူ၏ အစီအစဉ်ကို နားလည်ရန်နှင့် ရန်သူကို ရင်ဆိုင်ရန် မိုဂျ်တာဘာက အမေရိကန်နှင့် အစ္စရေးကို ရည်ညွှန်းပြီး တိုက်တွန်းပြောကြားခဲ့သည်။

Ref: AFP

Photo- Reuters

မူရင်းသတင်း — Eleven Media Group