Eleven Media Group

■အမေရိကန်တွင် ထိန်းသိမ်းခံထားရသည့် ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရိုက လူမှုမီဒီယာများ‌ပေါ်တွင် ဓာတ်ပုံများတင်ခဲ့ပြီး ၎င်းအနေဖြင့် ကြံ့ကြံ့ခံရပ်တည်နေကြောင်း ရေးသား

အမေရိကန်တွင် ထိန်းသိမ်းခံထားရသည့် ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလပ်စ် မာဒူရိုက လူမှုမီဒီယာများပေါ်တွင် ဓာတ်ပုံများတင်ခဲ့ပြီး ၎င်းအနေဖြင့် ကြံ့ကြံ့ခံရပ်တည်နေကြောင်း ရေးသားခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

မာဒူရိုနှင့် ၎င်း၏ဇနီး စိလီယာ ဖလောရက်စ်တို့သည် ယခုနှစ်ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သည့် အမေရိကန်၏ စစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လက်နက်ကိုင်ဆောင်မှု စွပ်စွဲချက်များဖြင့် နယူးယောက်မြို့ ဘရွတ်ကလင်းရှိ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ထိန်းသိမ်းခံထားရပြီး မာဒူရိုတို့ဇနီးမောင်နှံက အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားကြသည်။

"ကျွန်တော်ရဲ့ သားသမီးတွေ၊ မြေးတွေနဲ့ ကျွန်တော်တို့ကို ချစ်ကြတဲ့ လူကောင်းတွေ အားလုံးအတွက် ဒီဓာတ်ပုံတွေကို လက်ဆောင်အဖြစ် ပို့ပေးလိုက်ပါတယ်။ ကျွန်တော်တို့ဟာ သင်တို့ရဲ့ မေတ္တာတွေကို အပြည့်အဝရရှိပြီး ကြံ့ကြံ့ခံ ရပ်တည်နေတယ်ဆိုတာကို သိစေချင်ပါတယ်" ဟု မာဒူရိုက X နှင့် Telegram လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားခဲ့သည်။

အဆိုပါ ဓာတ်ပုံနှစ်ပုံတွင် မာဒူရိုသည် မီးခိုးရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ငြိမ်းချမ်းရေးသင်္ကေတကို ပြသသည့်အနေဖြင့် လက်နှစ်ချောင်းထောင်ထားသည်ကို တွေ့ရသည်။ထို့ပြင် ဖမ်းဆီးခံရပြီးနောက်ပိုင်း ၎င်း၏ ကိုယ်အလေးချိန်များ သိသိသာသာ လျော့ကျသွားသည့်ပုံကို ဓာတ်ပုံထဲတွင် မြင်တွေ့ရသည်။

အဆိုပါ ဓာတ်ပုံများကို ဩဂုတ် ၃၀ ရက်ကတင်ခဲ့ခြင်းဖြစ်သော်လည်း ဓာတ်ပုံနှစ်ပုံစလုံးပေါ်ရှိ အချိန်မှတ်တမ်းများအရ ဗင်နီဇွဲလားမြောက်ပိုင်းတွင် လူပေါင်း ၆၅၀၀ ကျော် သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားစေခဲ့သည့် အင်အားပြင်း ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် တစ်ရက်အလို ဇွန်လ ၂၅ ရက်နေ့က ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း မြင်တွေ့ရသည်။

မာဒူရိုသည် ထိန်းသိမ်းရေးစခန်းအတွင်း သတင်းစာဖတ်ခွင့်နှင့် အင်တာနက် အသုံးပြုခွင့် မရှိသော်လည်း ၎င်း၏ မိသားစုဝင်များ၊ ရှေ့နေများနှင့် တစ်လလျှင် မိနစ် ၃၀၀ ခန့်နှင့် တစ်ကြိမ်လျှင် အများဆုံး ၁၅ မိနစ်အထိ ဖုန်းပြောဆိုခွင့် ရရှိထားကြောင်း မာဒူရိုနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

Ref: AFP,Photos - X

မူရင်းသတင်း — Eleven Media Group