Eleven Media Group

■အမေရိကန်လူဝင်မှုကြီးကြပ်ရေး ICE ၏ ဇူလိုင်လဖမ်းဆီးမှု ငါးသောင်းနီးပါးအထိမြင့်တက်

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဌာန (ICE) က ဇူလိုင်လအတွင်း လူပေါင်းငါးသောင်းနီးပါးအထိ ဖမ်းဆီးခဲ့ပြီး ဒုတိယအကြိမ် ဒေါ်နယ်ထရန့်အစိုးရလက်ထက်တွင် တစ်လတာ ဖမ်းဆီးမှုအများဆုံးစံချိန်ဖြစ်လာကြောင်း အစိုးရကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

ဇူလိုင်အတွင်း ICE ကဖမ်းဆီးသူ စုစုပေါင်း ၄၉,၅၇၁ ဦးရှိခဲ့ပြီး ဇွန်လအတွင်း ဖမ်းဆီးခဲ့သည့် ၄၃,၀၂၁ ဦးထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ထို့​ပြင် မင်နီဆိုးတားပြည်နယ်တွင် ကိုင်တွယ်မှုများ တင်းတင်းကျပ်ကျပ်ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီအတွင်း ဖမ်းဆီးရမိသူ ၂၉,၂၄၁ ဦးရှိခဲ့မှုနှင့်ယှဉ်လျှင် ယခုအခါ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

ဝန်ထမ်းအင်အား တိုးမြှင့်ခန့်အပ်မှုများနှင့်အတူ လတ်တလော သီတင်းပတ်များအတွင်း ဖမ်းဆီးမှုများကို အရှိန်ဟုန်မြှင့် လုပ်ဆောင်လာရာ၌ ယာဉ်စစ်ဆေးသည့် နေရာများမှတစ်ဆင့် ဖမ်းဆီးခြင်းများပါ ပြုလုပ်လာခဲ့သည်။

ဇူလိုင်အတွင်း ဖမ်းဆီးမှုများအနက် တက္ကဆက်ပြည်နယ်နှင့် ဖလော်ရီဒါ ပြည်နယ်နှစ်ခုတည်းမှာပင် ဖမ်းဆီးရမိသူ နှစ်သောင်းနီးပါးရှိခဲ့ရာ ယင်းပြည်နယ်များက ထရန့်အစိုးရ၏ ပြည်နှင်ဒဏ်ပေးရေးမူဝါဒတွင် မည်မျှအရေးပါနေကြောင်း မီးမောင်းထိုးပြနေသည်။

သို့သော် ထရန့်အစိုးရအဖွဲ့က ယခုကဲ့သို့ ဖမ်းဆီးမှုများသည် အမေရိကန်နိုင်ငံအတွင်း ပြစ်မှုကျူးလွန်ထားသူများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး နိုင်ငံပိုမိုလုံခြုံစိတ်ချရစေရန် ရည်ရွယ်သည်ဟု တုံ့ပြန်လေ့ရှိသည်။

သို့သော်လည်း အစိုးရကထုတ်ပြန်သည့် အချက်အလက်များတွင် ဇူလိုင်အတွင်း ဖမ်းဆီးခံရသူများ၏ တစ်ဝက်ကျော်သည် မည်သည့်ရာဇဝတ်ပြစ်မှုမှ ကျူးလွန်ထားခြင်းမရှိ ၊ တရားစွဲဆိုခံထားရခြင်းလည်း မရှိသူများဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: AP

မူရင်းသတင်း — Eleven Media Group