Eleven Media Group

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၃၀၇ ဦးကို ရွှေစင်တစ်ကျပ်သား ဒင်္ဂါးပြားများ ချီးမြှင့်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၃၀၇ ဦးကို ရွှေစင်တစ်ကျပ်သား ဒင်္ဂါးပြားများ ချီးမြှင့်ကြောင်း သိရသည်။

သြဂုတ် ၃၁ ရက်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နေပြည်တော်ရှိ Naypyitaw State Academy၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားကာ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက နိုင်ငံကိုခေတ်မီနိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခန့်ညားထည်ဝါစွာ ရပ်တည်နိုင်စေရန်အတွက် အရည်အသွေးပြည့်ဝသည့် ပညာတတ်လူငယ်များ၏ စွမ်းရည်စွမ်းအားမြင့်မားမှုသည် ပဓာနကျကြောင်း၊ အတွေးအခေါ်မြင့်မားပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် ထူးချွန်လူငယ်များသည် နိုင်ငံတော်အတွက် အဖိုးအနဂ္ဃထိုက်တန်သည့် အမြုတေရတနာများပင်ဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စွမ်းဆောင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းရှိကြသည့် အရင်းအမြစ်များလည်းဖြစ်ကြကြောင်း၊ ယခုဆုနှင်းသဘင်ခန်းမအတွင်း၌ ရောက်ရှိနေကြသည့် ဆုရကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာနှင့် အသိဉာဏ် ပြည့်စုံကြွယ်ဝကြသူများ၊ ရည်မှန်းချက် မြင့်မားကြသူများဖြစ်ကြပြီး ဇွဲလုံ့လဝီရိယနှင့် တစိုက်မတ်မတ် ကြိုးစားအားထုတ်ခဲ့ကြသဖြင့် ယခုကဲ့သို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထို့အပြင် ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့်အဆင်မြင့်ပညာကို အပတ်တစ်ကုတ်သင်ယူပြီး ဘဝအောင်မြင်ရေးအတွက် ထူးချွန်ထက်မြက်အောင် ဆက်လက်ကြိုးစားသွားကြလိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်ကြောင်း ပြောကြားသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသားများအပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများမှ ကျောင်းသားများလည်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း၊ ယခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်းသည် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်သဖြင့် ယခင်နှစ်များထက် အောင်ချက်ရာနှုန်းတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် ယခုနှစ်တွင် စတင်ကျင်းပသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည်လည်း ၄၉ ဒသမ ၇ ရာခိုင်နှုန်းရရှိခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံ့ပညာရေးအတွက် အားရဂုဏ်ယူစရာပင်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူး ရရှိသူ (၆၇၄) ဦး၊ တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ (၃၂) ဦးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ဘာသာစုံဂုဏ်ထူး ရရှိသူ (၃) ဦး၊ တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ (၅၀) ပေါ်ထွက်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားတွင် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၀၇) ဦးကို ရွှေစင် (၁) ကျပ်သား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှုရလဒ်များကို မှတ်ကျောက်တင် ဂုဏ်ပြုပေးခြင်းဖြစ်သဖြင့် အဆင့်မြင့်ပညာကို ဆက်လက်ထူးချွန်အောင် ကြိုးစားရန် မြှောက်စားအားပေးခြင်းလည်းဖြစ်သည်ကို ပြောကြားလိုကြောင်း နိုင်ငံတော်သမ္မက ပြောကြားသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံသားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံစိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့်အရည်အချင်းများသည် အဓိကကျပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာလျင် ဘက်စုံထူးချွန်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံသားများ၏ စွမ်းပကားနှင့် ခေတ်မီနိုင်ငံတော်သစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စက်မှုလက်မှု၊ ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးမြှင့်နိုင်ရေးအတွက် အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကစပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယခုဆိုပါက (၉၂) ကျောင်းအထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယင်းကျောင်းများမှ သင်ယူပြီးမြောက်သည့် ကျောင်းသား ကျောင်းသူများလည်း ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် ယခုပညာသင်နှစ်ကစပြီး အခြေခံပညာအလယ်တန်းဆင့်၌ပါ သက်မွေးပညာရပ်များကို ထည့်သွင်းသင်ကြားပေးနေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မသိရီစိုး၊ မအေးချမ်းမြေ့၊ မောင်စည်သူဗိုလ်၊ မသက်နှင်းစံ၊ မောင်ဉာဏ်ဟိန်းဇေ၊ မမေဇင်ဖုန်းမြတ်၊ မအိကေဇင်၊ မသင်းပျံ့ပြည့်စုံခင်၊ မောင်ဘုန်းတေဇာသွေး၊ မဆောင်းနှင်းဖြူနှင့် မခင်ငြိမ်းစုတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးအား လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးနှင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးအားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group