Myanmar National Post

ကျိုက်ထိုမြို့နယ်တွင် (၁၄) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကျင်းပ






ကျိုက်ထို၊ စက်တင်ဘာ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင်မြို့နယ်လုံးဆိုင်ရာကရင်စာပေနှင့် ယဥ်ကျေးမှုကော်မတီမှ ကြီးမှူး၍ ၁၄ ကြိမ်မြောက်ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကင်မွန်းချောင်းကျေးရွာ၊ ဇရပ်ကွင်း(၂)ရှိ မြို့ နယ်ကရင်စာပေနှင့် ယဥ်ကျေးမှုရုံး၌ ကျင်းပသည်။

ဦးစွာ ကရင်အမျိုးသားသီချင်းသီဆို၍အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကရင်စာပေနှင့် ယဥ်ကျေးမှုအဖွဲ့နာယက ဦးစောတင်အောင်က ကရင်ရိုးရာလက်ချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာပုံနှင့် ပါဝင်သောပစ္စည်းအသုံးအဆောင်(၇)မျိုးနှင့် ၎င်းတို့၏ အနက်အဓိပ္ပါယ်တို့အားရှင်းလင်းပြောကြားကာ ကရင်စာပေနှင့် ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောကျော်ငြိမ်းက ချည်ဖြူဖွဲ့မင်္ဂလာကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများအား ကရင်တိုင်းရင်းသား သက်ကြီးဝါကြီး အဘိုးအဘွားများက မကောင်းသော ဘေးအန္တရာယ်များမှ ကင်းဝေးပြီး ကျန်းမာသုခနှင့် ပြည့်စုံစေရန်အတွက် မင်္ဂလာချည်ဖြူများ စနစ်တကျ ချည်နှောင်ပေးခဲ့ကြသည်။

ယင်းနောက် ကရင်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက ရိုးရာဒုံးအကများ၊ တန်းစီအကများနှင့် ရိုးရာတေးသီချင်းများဖြင့် သီဆိုကခုန် ဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာသူများအား ကရင်ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post