Eleven Media Group

ရွှေကျင်မြို့တွင် ၁၇၅ ကြိမ်မြောက် ရွှေကျင်သီတင်းကျွတ်မီးမျှောပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့၌ ကျင်းပမည်

ပုံစာ။ ယမန်နှစ်များက ရွှေကျင် သီဲတင်းကျွတ်မီးမျှောပွဲ ကျင်းပခဲ့ သည်ကိုတွေ့ရစဥ်

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင် ၁၇၅ ကြိမ်မြောက် ရွှေကျင်သီတင်းကျွတ်မီးမျှောပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက်၊အောက်တိုဘာ ၂၇ ရက်နေ့တွင် အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ပြီး ရွှေကျင်ချောင်းအတွင်း ရောင်စုံမီးကြာခွက် တစ်သိန်းကျော်ဖြင့် မီးမျှောပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေကျင်သီတင်းကျွတ်မီးမျှောပူဇော်ပွဲမှာ နှစ်စဥ် အောက်တိုဘာလရောက်တိုင်း ကုန်းပွဲနှင့် ရေပွဲဟူ၍ နှစ်ပိုင်းခွဲကာ ရက်ရှည်ကျင်းပသောပွဲတော်တစ်ခုဖြစ်ပြီး ကုန်းပွဲကို သီတင်းကျွတ်လဆန်း ၄ ရက်၊ အောက်တိုဘာ ၁၅ ရက်မှ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ကုန်းပွဲကာလအတွင်း အငြိမ့်ပွဲများ၊ ကလေးကစားကွင်းများနှင့် အခြားပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည့်အပြင် ဈေးဆိုင်ခန်းပေါင်း ၅၀၀ ခန့်လည်း ခင်းကျင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေကျင်သီတင်းကျွတ်မီးမျှောပွဲတော်ကျင်းပမည့်အခြေအနေနှင့်ပတ်သက်ပြီး“ကျွန်တော်တို့ ကျင်းပမယ့်နေရာမှာ ကုန်းပွဲရယ်၊ ရေပွဲရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အားလုံးဆိုရင် ၁၂ ရက် ကျင်းပမှာဖြစ်ပါတယ်။ ကုန်းပွဲမှာ အငြိမ့်တွေ၊ ပွဲတွေထည့်သွင်းကျင်းပမှာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၅၀၀ ခန့်ကို ဈေးရောင်းချနိုင်ဖို့ စီစဉ်ထားပါတယ်။ မီးကြာခွက်အနေနဲ့ကတော့ တစ်သိန်းကျော်နဲ့ မီးမျှောပူဇော်သွားမှာဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ ညနေ ၆ နာရီမှာ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးကို ပူဇော်မျှောချသလို မီးကြာခွက်တစ်သိန်းကျော်ကိုလည်း မီးမျှောပူဇော်သွားမှာဖြစ်ပါတယ်” ဟု ပွဲတော်ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကုန်းပွဲကာလအတွင်း ရွှေကျင်ချောင်းအတွင်း မီးမျှောအပူဇော်ခံမည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ရုပ်ပွားတော်အား မြို့ခံများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။ ထို့နောက် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ရှင်ဥပဂုတ္တမထေရ်မြတ်ရုပ်ပွားတော်အား ရွှေကျင် မြို့တွင်း ရပ်ကွက်၊လမ်းများအတွင်း လှည့်လည်ပူဇော်ခံကာ ညနေပိုင်းတွင် ရွှေကျင်ချောင်းထဲရှိ ကရဝိတ်ဖောင်တော်ပေါ်သို့ ရွှေ့ပြောင်းပင့်ဆောင်ပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

ရေပွဲအား သတင်းကျွတ်လပြည့်ကျော် ၁ ရက်၊အောက်တိုဘာ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကာ ယင်းနေ့ နံနက် ၉ နာရီခန့်၌ ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ကျင်းပမည်ဖြစ်ပြီး ကရဝိတ်ဖောင်တော်ပေါ်တွင် ကိန်းဝပ်စံပယ်တော်မူသည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ရုပ်ပွားတော်ကို ရွှေကျင်ချောင်းအတွင်း လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

ရေပွဲကျင်းပသည့်နေ့တွင် ရွှေကျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အဖွဲ့များပါဝင်သည့် လှေလှော်ပြိုင်ပွဲများ ယိမ်းအကအလှပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် လက်ခုပ်ယိမ်း၊ တက်ပျံယိမ်း၊ ကရင်ရိုးဒုံးယိမ်းနှင့် ရှမ်းတိုင်းရင်းသားအကအဖွဲ့များက ကပြဖျော်ဖြေကြမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်ရှိ ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက အက၊ အလှနှင့် သဘာဝကျမှုတို့အပေါ် အခြေခံကာ အမှတ်ပေးအကဲဖြတ်၍ ညနေပိုင်းတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ညနေ ၅ နာရီခွဲခန့်တွင် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ရုပ်ပွားတော် ကိန်းဝပ်စံပယ်တော်မူသော ကရဝိတ်ဖောင်တော်ကြီးကို ရွှေကျင်ချောင်းအတွင်း လက်ယာရစ် သုံးပတ် လှည့်လည်အပူဇော်ခံမည်ဖြစ်ပြီး ညနေ ၆ နာရီခန့်တွင် ပွဲတော်လာပြည်သူများနှင့် ပွဲတော်ကျင်းပရေး ဗဟိုဦးစီးကော်မတီဝင်များက မီးကြာခွက်များ မျှောပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ မီးကြာခွက်တစ်သိန်းကျော်ဖြင့် မီးမျှောပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေကျင်သီတင်းကျွတ်မီးမျှောပူဇော်ပွဲသည် မြန်မာသက္ကရာဇ် ၁၂၁၃ ခုနှစ် ကုန်းဘောင်ခေတ်ကာလတွင် တောင်တွင်းမြို့ဝန် ဦးကျောက်လုံး ဦးစီးသည့် စစ်သည်အင်အား တစ်သောင်းကျော်ပါဝင်သော စစ်တပ်က ရွှေကျင်မြို့မှတစ်ဆင့် ပဲခူးစစ်ကြောင်းအတိုင်း ချီတက်လာသည့်ကာလမှ စတင်ခဲ့သော ပွဲတော်ဖြစ်ကြောင်း သိရသည်။

ဦးကျောက်လုံးသည် ရွှေကျင်မြို့တွင် စခန်းချအုပ်ချုပ်နေစဉ် ရေပွဲသဘင်ကို ခမ်းနားစွာ ကျင်းပပူဇော်ခဲ့ပြီး နောက်ပိုင်းတွင် မြို့ခံမျိုးဆက်များက ရိုးရာမပျက် ဆက်လက်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ၁၇၅ ကြိမ်မြောက်အဖြစ် ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်စဉ် သီတင်းကျွတ်ကာလတွင် ကျင်းပသည့် အဆိုပါပွဲတော်သို့ ရွှေကျင်ချောင်းအတွင်း စက်လှေများဖြင့် လှည့်ပတ်ကြည့်ရှုသူများ၊ မီးမျှောပူဇော်သူများအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများပြားပြီး ပွဲတော်ကာလအတွင်း ပြည်သူတစ်သိန်းဝန်းကျင်ခန့်အထိ လာရောက်ကြသည့် အထင်ကရရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group