Eleven Media Group

မန္တလေး-မြစ်ကြီးနား ဧရာဝတီ မြစ်အရှေ့လမ်းပိုင်း ထီးချိုင့်တံတားကို ဖြတ်ကာ မဟာဗျူဟာလမ်းအတိုင်း သွားလာနိုင်ပြီဟုသိရ

မန္တလေး-မြစ်ကြီးနား ဧရာဝတီ မြစ်အရှေ့လမ်းပိုင်း ထီးချိုင့်တံတားကို ဖြတ်ကာမဟာဗျူဟာလမ်းအတိုင်း သွားလာနိုင်ပြီကြောင်း ကားလုပ်ငန်း လုပ်ကိုင်သူများက ဆိုပါသည်။

အောက်တိုဘာ ၁၄ ရက်နေ့ဝန်းကျင်ကတည်းက ထီးချိုင့်-ကသာ ရင်ကွဲတောင်လမ်းပိုင်းမှ မြစ်ကြီးနားဘက်သို့စတင်သွားလာမှုများ ရှိခဲ့ပြီး အောက်တိုဘာ ၁၅ ရက်နေ့တွင် လွတ်လပ်စွာသွားလာခွင့် ရခဲ့ကြောင်းကားသမားများက ဆိုပါသည်။ ကုန်ကားသမား တစ်ဦးက'' အရင်နေ့တွေက မနက် ၉ နာရီ၊ညနေ ၄ နာရီမှ ဖွင့်တဲ့ဟာ အခု မနက် ၆ နာရီ၊ညနေ ၆ နာရီလောက် ဖြစ်သွားတယ်။ မနေ့က အောက်တိုဘာ ၁၆ ရက်မှာကားတွေ တအားတိုးကြတော့ လမ်းတွေပိတ်ကုန်တာ။ လမ်းလုကြတာပေါ့။ တပ်ကတော့ ရှင်းပေးတယ်။သူတို့လည်း ဒရုန်းတွေ၊ ချောင်းမြောင်း ပစ်ခတ်တာတွေ ကြောင့် လမ်းပေါ်မှာ ပေါ်ပေါ်ထင်ထင် မနေရဲကြဘူးလေ။ ကသာ အရှေ့ကမ်း အင်းရွာတို့၊ကလုံဇက်ဆိပ်တို့ကူးတဲ့ ကားတွေလည်း ချောင်သွားတယ်။ဇက်ကူးရင် ကုန်ကားက သိန်းနှစ်ဆယ်ဝန်းကျင်လေ။အရင်က သိန်းအစိတ်။မြစ်ကြီးနား တစ်ညအိပ်နဲ့ ရောက်လို့ အိပ်မက်ယောင်သလိုဖြစ်နေတယ် ကားသမားတွေက။ကားကောင်းရင်နေ့ချင်းလည်း ပေါက်ကြတယ်။လွှတ်တော်မှာ တင်ပြလို့ ဆိုလား အတောင်းအရမ်း ကြမ်းတဲ့ဂိတ်တွေ မရှိတော့ဘူး။ လက်ဖက်ရည်ဖိုးတွေကတော့ ပေးနေရတုန်းပဲ။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ ပြည်သူတွေ ဒုက္ခရောက်စေတဲ့ လမ်းပိတ်တာတွေ မလုပ်စေချင်ဘူးဗျာ။ကွင်းလမ်းတွေက ပိတ်မိရင် သိန်းဆယ်ချီ ရှုံးကြတယ်။ကျနော်တို့လည်း စရိတ် ပြင်ဆင်ခ ရှုံး။ ကုန်သည်လည်း ကုန်ရှုံး ။လူထုက ဈေးနှုန်းက အဆမတန်ကြီး ဖြစ်ကုန်တာ''ဟု ဆိုသည်။


လက်ရှိတွင် မြစ်ကြီးနားသို့ အဓိက သွားလာနေသည့် မန္တလေး-မတ္တရာ-တကောင်းထီးချိုင့်-ကသာ-မိုးညှင်း -မိုးကောင်း -မြစ်ကြီးနား လမ်းပိုင်းမှာ သွားလာရေ ဖြောင့်ဖြူးနေဆဲဖြစ်သည်။ မန္တလေး-စစ်ကိုင်း-ရွှေဘို-ဇင်း-ဘော-နန့်သဲ-အင်းတော်-မော်လူး-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းများတွင် ကွင်းလမ်းခရီး သွားနေရမှုကြောင့် လမ်းပိုင်းများ ပျက်စီးကာ လမ်းပိတ်မှုများ ဖြစ်နေကြောင်း ၊ မဲဇာဝန်းကျင်းရှိ ထီးချိုင့် လမ်းခွဲ၊မဲဇာ-ဝန်းသို လမ်းခွဲများတွင် တပ်မတော်စစ်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့များကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြင်ထန်နေကြောင်း သိရသည်။

'' အနောက်လမ်းကတော့ လုံးဝ မသွားသင့်သေးတဲ့ လမ်းကြောင်း ဝန်းသို၊မဲဇာ ကားလမ်းတစ်ကြောဆိုရင် ကွင်းလမ်းတွေလည်း မရှိတော့ဘူး။ ကွင်းလမ်းကြောင့် ဒုက္ခရောက်ကြတာလည်း လချီသွားတယ်။ အဓိက ဗျူဟာလမ်းပိုင်းကို လက်နက်ကိုင်အဖွဲ့တွေက ပိတ်ပြီး ကွင်းခိုင်းတာကနေ တစတစ ဆိုးသွားတာ။ အခုအထိ အင်းတော်ဘက်မှာ ပိတ်ထားတုန်းပဲ''ဟု ဆိုသည်။

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းသည် မိုင်ပေါင်း ၃၅၀ ဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ရထားလမ်းပိုင်းများ အားလုံးရပ်နားခဲ့ရသည်။ကားလမ်းပိုင်းမှာ ၂၀၂၃ ခုနှစ်နောက်ပိုင်းဒေသတွင်း လက်နက်ကိုင် အဖွဲ့များ၏ ညွှန်ကြားထားသည့် ကွင်းလမ်းခရီးများကြောင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေကြရခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group