
နေပြည်တော်၊ စက်တင်ဘာ ၂
ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်က အဆိုပါရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ယမန်နေ့က သွားရောက်ကြည့်ရှုစဉ် မှာကြားသည်။
ထို့ပြင် သတ်မှတ်ထုတ်ပြန်ထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များကို ထိရောက်အောင်မြင်အောင် အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး စီမံကိန်းအတွင်းရှိ သစ်ပင်များ စနစ်တကျစိုက်ပျိုးထားရှိမှု၊ ရေရရှိနိုင်ရေးအတွက် ရေဂါလန် (၅၀၀၀၀၀) ဆံ့ ရေလှောင်ကန်၊ ရေတွန်းစက်ရုံနှင့် ရေပိုက်လိုင်းများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယမန်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငလျင်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်နေသည့် စည်ပင်သာယာရေးကော်မတီပိုင်အိမ်ရာဝင်းကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့အတူ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၅၈/၁-၃) ရှိ ဒုဋ္ဌဝတီတံတားအသစ် တံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ခရီးသွားပြည်သူများ တံတားဦး-ပလိပ်လမ်းမှတစ်ဆင့် မန္တလေးမြို့သို့ သွားနေရသည့်အတွက် တံတားအားအမြန်ပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးကို ဂရုစိုက်ရန်၊ တံတားတည်ရှိသည့် နေရာသည် ပြင်းထန်သည့် လှုပ်ခါမှုများကြောင့် အစိုင်အခဲမှ ရွှံ့စေးကဲ့သို့ ဂုဏ်သတ္တိပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်နိုင်ခြေများသော မြေအမျိုးအစားနေရာဖြစ်၍ လိုအပ်သည့် တွက်ချက်မှုများ၊ စစ်ဆေးမှုများကို အမြဲမပြတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#News #Myanmar