
စက်တင်ဘာ - ၂ ( ဗုဒ္ဓဟူးနေ့ )
အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက ပြည်သူတွေကို မလိုအပ်ဘဲ ရွှေမဝယ်ကြဖို့ တိုက်တွန်းပြောဆို လိုက်ပြီးနောက်မှာ ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းစုတွေရဲ့ စတော့ရှယ်ယာဈေးနှုန်းတွေ ကျဆင်းသွားခဲ့ပါတယ်။
ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာမှာ "ကျုပ်တို့တွေ ဆဝါဒီရှီ (မိမိတိုင်းပြည်ထုတ် ကုန်ပစ္စည်းကို ပိုမိုအားပေးရေး) နဲ့ 'ဗိုကယ်ဖော်လိုကယ် (ပြည်တွင်းထုတ်ကုန်တွေကို ရှေ့တန်းတင် အားပေးရေး) ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကြရပါမယ်။ အပျော်သက်သက် နိုင်ငံခြားခရီးသွားတာတွေ၊ မင်္ဂလာပွဲတွေကို နိုင်ငံခြားမှာ သွားကျင်းပတာမျိုးတွေကို ရှောင်ကြဉ်ကြရပါမယ်။ အဲဒီအစား (အိန္ဒိယမှာပဲ မင်္ဂလာပွဲကျင်းပကြမယ်) ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပဲ နေထိုင်သွားကြရပါမယ်။ ဒါ့အပြင် တကယ်ကို မဖြစ်မနေ လိုအပ်တာမဟုတ်ရင် ရွှေဝယ်တာကိုလည်း ရှောင်ကြဉ်ကြရပါမယ်" လို့ ရေးသားပြောဆိုထားတာ ဖြစ်ပါတယ်။
သူက ဆက်လက်ပြီး "ကျုပ်တို့တွေ (မိမိတိုင်းပြည်ထုတ် ကုန်ပစ္စည်းကို အားပေးရေး) နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရေးကို ပိုပြီး ဦးစားပေးလေလေ၊ လွတ်လပ်ရေး နှစ် ၁၀၀ ပြည့်မြောက်တဲ့ အချိန်မှာ ငါတို့ရဲ့ လူငယ်တွေလက်ထဲကို (ဖွံ့ဖြိုးတိုးတက်သော အိန္ဒိယနိုင်ငံ) ကို လွှဲပြောင်းပေးအပ်နိုင်လိမ့်မယ်လို့ ပိုပြီး ယုံကြည်ချက်ရှိလေလေပါပဲ။ ဒီနေ့ ကျုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကနေတစ်ဆင့် နောက်မျိုးဆက်သစ် လူငယ်တွေရဲ့ အိပ်မက်တွေကို ဧကန်မလွဲ အကောင်အထည်ဖော် ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျုပ်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ ဘာတစ်ခုမှ မကျန်ရအောင် အစွမ်းကုန် ထုတ်သုံးကြစို့။ ကျုပ်တို့ရဲ့ မူဝါဒတွေက ခိုင်မာပြီး စေတနာတွေကလည်း သန့်ရှင်းစင်ကြယ်ပါတယ်။ တိုင်းပြည်ကို အမြင့်သစ်တစ်ခုဆီ တွန်းတင်ဖို့အတွက် အိန္ဒိယပြည်သူ ၁.၄ ဘီလီယံရဲ့ စုပေါင်းအင်အားက စည်းလုံးညီညွတ်နေကြပါပြီ။ အားလုံးပဲ အတူတကွ အောင်ပွဲခံကြစို့၊ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချကြစို့၊ အဲဒီသန္နိဋ္ဌာန်ကို အမှန်တကယ် ဖြစ်မြောက်လာစေဖို့အတွက် ရှေ့ဆက် လက်တွဲချီတက်ကြစို့" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
REF: NDTV
#News #Myanmar