Eleven Media Group

အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေးဂျင့်များနှင့် သီရိလင်္ကာရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပါကစ္စတန် မူးယစ်ဆေးဝါးကွန်ရက်တစ်ခုကို နှိမ်နင်း

အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေးဂျင့်များနှင့် သီရိလင်္ကာရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပါကစ္စတန် မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သီရိလင်္ကာအာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ ပူးပေါင်းစစ်ဆင်ရေးအတွင်း မက်သမ်ဖက်တမင်း ၄၆၃ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး ပါကစ္စတန် အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သီရလင်္ကာ ရဲတပ်ဖွဲ့၏ ဒုတိယရဲချုပ် အာသောက ဓမ္မသေနက ပြောကြားခဲ့သည်။
ယင်းမူးယစ်ဆေးဝါးများကို ပြီးခဲ့သည့်သီတင်းပတ်ကုန်က ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာသည့် သင်္ဘောကွန်တိန်နာတစ်ခုအတွင်းမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါးများသည် အမေရိကန်ဒေါ်လာ ၂၁ သန်းခန့် တန်ဖိုးရှိပြီး ရေချိုးခန်းသုံး တဘက်များအတွင်း ဝှက်ပြီး သယ်ဆောင်လာခြင်းဖြစ်ကာ သီရိလင်္ကာနိုင်ငံမှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို့ မှောင်ခိုတင်ပို့ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကိုလံဘိုမြို့တော်ရှိ အမေရိကန်သံရုံးက ပြောကြားခဲ့သည်။

ဩဂုတ်လ ၁၄ ရက်မှ ၂၉ ရက်အတွင်း ပါကစ္စတန်မှ ထွက်ခွာလာသော ကွန်တိန်နာသေတ္တာများကို ခြေရာခံပြီးနောက် အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA) ရုံးနှင့် သီရိလင်္ကာ ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

အဆိုပါစစ်ဆင်ရေးသည် အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့ပေးနေပြီး မိမိတို့ နှစ်နိုင်ငံစလုံးရှိ လူ့အဖွဲ့အစည်းများကို ခြိမ်းခြောက်နေသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများကို ဖြိုခွဲရာတွင် အမေရိကန်နှင့် သီရိလင်္ကာ၏ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို ပေါ်လွင်ထင်ရှားစေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခု မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ဒေသခံ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဓမ္မသေနက ပြောကြားခဲ့ပြီး ယင်းစစ်ဆင်ရေးကို သတင်းပေးပို့ချက်ရရှိပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အောက်တိုဘာလမှစပြီး သီရိလင်္ကာနိုင်ငံတွင် ပြုလုပ်နေသည့် မူးယစ်ဆေးဝါး နှိမ်နင်းရေး လှုပ်ရှားမှုများကြောင့် တရားမဝင် မူးယစ်ဆေးဝါး တန်ချိန် ၁၄ တန်နီးပါးကို သိမ်းဆည်းရမိခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများတွင် ice ဟု လူသိများသော မက်သမ်ဖက်တမင်း၊ ဘိန်းဖြူနှင့် ကိုကင်းတို့ ပါဝင်သည်။

သီရိလင်္ကာ ပြည်သူ့လုံခြုံရေးဝန်ကြီး အာနန္ဒာ ဝိဂျေပါလက လွှတ်တော်သို့ ပြောကြားရာတွင် တရားမဝင် မူးယစ်ဆေးဝါး အများစုသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့မှ စတင်ထွက်ရှိလာခြင်းဖြစ်ပြီး သီရိလင်္ကာနိုင်ငံအတွင်းသို့ ရေကြောင်းမှတစ်ဆင့် မှောင်ခိုတင်သွင်းနေကြခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လူဦးရေ ၂၂ သန်းရှိသည့် သီရိလင်္ကာကျွန်းနိုင်ငံ၌ မူးယစ်ဆေးဝါး သုံးစွဲသူ ခန့်မှန်းခြေ ၄၀၀၀၀၀ ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် သီရိလင်္ကာ တရားရုံးတစ်ခုသည် ဘိန်းဖြူမှောင်ခိုကူးမှုဖြင့် ပြစ်မှုထင်ရှားကြောင်း ဝန်ခံခဲ့သည့် အီရန်အမျိုးသား ၁၀ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သည်။
သီရိလင်္ကာနိုင်ငံ၏ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည့် သစ်များတင်ဆောင်သည့် ကွန်တိန်နာသေတ္တာ တစ်ခုအတွင်းမှ ကိုကင်း ၈၀၀ ကီလိုဂရမ်ကို အကောက်ခွန် အရာရှိများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Ref: AFP
Photos- U.S. Embassy in Sri Lanka

မူရင်းသတင်း — Eleven Media Group