
ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလပ်စ် မာဒူရိုနှင့် ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ တရားရုံးတွင် အောက်တိုဘာ ၁၅ ရက်က ရုံးထုတ်ခဲ့ရာ ၎င်းတို့နှစ်ဦးက အသစ်ထပ်စွဲထားသည့် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ စွဲချက်များအတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။
ရုံးတော်တွင် မာဒူရိုက မဟုတ်မမှန် စွပ်စွဲချက်များနှင့် မမှန်မကန် ထွက်ဆိုချက်များဖြစ်ကြောင်း စကားပြန်မှတစ်ဆင့် ပြောကြားခဲ့သည်။ ဇနီးဖြစ်သူ ဖလောရက်စ်ကလည်း စပိန်ဘာသာဖြင့် ရေးသားထားသည့် စွဲချက်အသစ်များကို ဖတ်ရှုပြီးဖြစ်ကြောင်း ပြောပြီးနောက် “ကျွန်မမှာ လုံးဝအပြစ်မရှိဘူး” ဟု စပိန်စကားပြန်မှတစ်ဆင့် ထွက်ဆိုခဲ့သည်။
ဒေါ်နယ်ထရန့်အစိုးရသည် မာဒူရိုကို မူးယစ်ဆေးဝါးဆိုင်ရာ အကြမ်းဖက်မှု၊ မူးယစ်ဆေးမှောင်ခိုကူးမှုနှင့် လက်နက်ဆိုင်ရာ ပြစ်မှုများဖြင့် ကနဦး စွဲချက်တင်ထားသည်။ ထို့နောက် ပြီးခဲ့သည့် သီတင်းပတ်တွင် စွဲချက်အသစ်များ ထပ်တိုးလိုက်သည်။ စွဲချက်သစ်ထဲတွင် မာဒူရိုနှင့်ဇနီးတို့က အကြမ်းဖက်ဖိနှိပ်မှု စနစ်တစ်ခုကို တည်ဆောက်ကာ ဗင်နီဇွဲလားနိုင်ငံသား ထောင်ပေါင်းများစွာ သတ်ဖြတ်ခံရခြင်း၊ ဖိနှိပ်ညှဉ်းပန်းခံရခြင်းတို့ ဖြစ်ပွားစေခဲ့သည်ဟု အစိုးရရှေ့နေများက စွပ်စွဲထားသည်။
၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့ရှိ နေအိမ်တွင် ညအချိန် အမေရိကန်စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် နယူးယောက်သို့ ခေါ်ဆောင်လာခဲ့သည်။ နှစ်ဦးစလုံး အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
မာဒူရိုတို့ ဇနီးမောင်နှံက စွဲချက်အားလုံးအတွက် အပြစ်မရှိကြောင်း ယခင်ကလည်း ထွက်ဆိုထားပြီး ၎င်းတို့သည် နိုင်ငံတော်အချုပ်အခြာအာဏာဆိုင်ရာ ကင်းလွတ်ခွင့် ရထိုက်သူများဖြစ်ကြောင်း အကြောင်းပြကာ အမှုကို ပယ်ဖျက်ပေးရန် တောင်းဆိုထားသည်။ ၎င်းတို့၏ အမှုကို ၂၀၂၇ ခုနှစ် ၊ ဇွန်တွင် စတင်စစ်ဆေးရန် လျာထားသည်။
ယခုတရားရုံးကြားနာမှုအတွင်း မာဒူရိုနှင့်ဇနီးတို့သည် သံခြေချင်း ခတ်ခံထားရပြီး ထောင်ဝတ်စုံများ ဝတ်ထားကြသည်။ နှစ်ဦးစလုံး ကိုယ်အလေးချိန် လျော့ကျသွားပုံရသည်ကိုလည်း တွေ့ရသည်။
Ref: AP/ BBC
AP Photo