
ဟူရ်သီ၏တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟူသောဆော်ဒီအာရေဗျ၏စွပ်စွဲပြောကြားမှုကို အောက်တိုဘာ ၁၆ ရက်တွင် အီရန် ကပယ်ချခဲ့သည်။
ဟူရ်သီအုပ်စုက မကြာသေးမီ ေဆော်ဒီအာရေဗျကို တိုက်ခိုက်မှုများပိုမိုလုပ်ဆောင်လာရာတွင် အီရန်ကအားပေးအားမြှောက် လုပ်နေသည်ဟု ဆော်ဒီက စွပ်စွဲခဲ့ပြီးနောက် တစ်ရက်အကြာတွင် အီရန်က စွပ်စွဲပြောကြားမှုကို ပယ်ချလိုက်ခြင်းဖြစ်သည်။
ယီမင်ပြည်တွင်းစစ် ဇူလိုင်တွင် ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အီရန်လိုလားသောဟူရ်သီက ပင်လယ်နီရေနံတင်သင်္ဘောများ၊ ရေနံစက်ရုံများ၊ လွန်ခဲ့သောအပတ်က တိုက်ခိုက်မှုအတွင်း ၁၃ ဦးသေဆုံးခဲ့သည့် ရီးယာ့ဒ်အပြည်ပြည်ဆိုင်ရာလေဆိပ်တိုက်ခိုက်ခံရမှုအပါအဝင် ဆော်ဒီပစ်မှတ်များကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။
ဆော်ဒီဦးဆောင်သော စစ်ရေးညွန့်ပေါင်းက ယီမင်၏အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု အစိုးရကို အကူအညီပေးနေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ရှိပြီဖြစ်သည်။
ဆော်ဒီသည် ဟူရ်သီ၏တိုက်ခိုက်မှုများကို အဆက်မပြတ်ခံနေရချိန်တွင် နောက်ထပ် ဒုံးကျည်များနှင့် ဒရုန်းများကို ကြားဖြတ်ပစ်ချခဲ့ရသည်ဟု အောက်တိုဘာ ၁၆ ရက်တွင် ဆော်ဒီက ပြောကြားခဲ့သည်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက အီရန်သည် ပဋိပက္ခအရှိန်မြင့်တက်လာစေရန် အားပေးအားမြှောက်လုပ်နေသည်ဟု အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ယင်းပြောကြားချက်ကို အီရန်က ငြင်းဆန်ထားသည်။
"အီရန်က ယီမင်ဟူရ်သီရဲ့စစ်ဆင်ရေးတွေမှာ အခန်းကဏ္ဍတစ်ရပ်ကနေပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်မှန်သမျှကို အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံက ပယ်ချပါတယ်"ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ်ဘာကေးက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
"ယီမင်ရဲ့လက်နက်ကိုင်တွေက သူတို့ရဲ့အကျိုးစီးပွားတွေ၊ သူတို့ရဲ့စိစစ်ချက်တွေအတိုင်းလုပ်နေတာပါ။ အခုလိုမျိုးပြောဆိုတာတွေဟာ အီရန်နဲ့အီရန်မိတ်ဆွေတွေရဲ့ဆက်ဆံရေးတွေနဲ့ရင်းနှီးနေသူတွေ အတွက် ယုံကြည်ရခြင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အီရန်ကတော့ တင်းမာမှုတွမြင့်တက်လာတာဟာ တစ်ဦးတစ်ယောက်ရဲ့အကျိုးစီးပွားအတွက် ဖြစ်တယ်လို့မယူဆပါဘူး"ဟု သူက ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။
Ref:AFP