Eleven Media Group

မြောက်ကိုရီးယားက AI နည်းပညာသုံး တော်ပီဒို စနစ်သစ်တစ်ခုကို စမ်းသပ်

‌မြောက်ကိုရီးယားနိုင်ငံက AI နည်းပညာသုံး တော်ပီဒို စနစ်သစ်တစ်ခုကို စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။ကိုရီးယားနှစ်နိုင်ငံနယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုများဖြစ်ပွားခဲ့ပြီးနောက် သတင်းပတ်အနည်းငယ်ကြာတွင် မြောက်ကိုရီးယားက ရေငုပ်သင်္ဘောတစ်စင်းပေါ်မှ ခရုစ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်း ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် ယူကရိန်းကို တိုက်ခိုက်နေသည့် စစ်ပွဲတွင် ရုရှားကို ကူညီပေးရန် ‌မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ စေလွှတ်ပေးခဲ့မှုအတွက် ရုရှားထံမှ ပြန်လည်ရရှိခဲ့သည့် နည်းပညာများဖြင့် လက်နက်စနစ်များကို အဆင့်မြှင့်တင်နေခြင်း ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု အောင်မြင်ခြင်းကို အတည်ပြုရန် Zam-2.0 အမည်ရှိ အလွန်မြန်နှုန်းမြင့် တော်ပီဒိုစနစ်၏ ရေအောက်စမ်းသပ်ပစ်ခတ်မှုကို အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။
ယင်းလက်နက်စနစ်သည် ပစ်မှတ်အား ရှာဖွေဖော်ထုတ်ခြင်းနှင့် လမ်းကြောင်းပြသခြင်းအတွက် AI နည်းပညာကို အသုံးပြုထားခြင်းဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။ယခုစမ်းသပ်မှုသည် တွန်းကန်အားပေး ဒုံးအင်ဂျင်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည့် နည်းပညာကို သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်အတွင်း မတူကွဲပြားသော စမ်းသပ်မှုပေါင်း ၁၈၀ ကျော်ကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။ယခုလအစောပိုင်းကလည်း မြောက်ကိုရီးယားသည် AI စနစ် အသုံးပြုထားသည့် အသံထက်မြန်သော ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို ကြေညာခဲ့သည်။ပျံသန်းမှု လမ်းကြောင်းအနိမ့်ပိုင်းတွင် လမ်းကြောင်းပြောင်းလဲနိုင်စွမ်းရှိသည့် အဆိုပါ ဒုံးကျည်ကို ရှောင်လွှဲနိုင်မည့် နည်းလမ်းမရှိကြောင်း ‌ ‌မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

တော်ပီဒိုများကို ရေအောက်ရှိ ရန်သူ့ပစ်မှတ်များထံ အရှိန်မြှင့် ထိမှန်တိုက်ခိုက်နိုင်ရန် ဒီဇိုင်းထွင်ထားခြင်း ဖြစ်သော်လည်း AI နည်းပညာ ပါဝင်လာမှုကြောင့် မြောက်ကိုရီးယားအနေဖြင့် အဆိုပါ လက်နက်စနစ်ကို အသုံးပြုပြီး ရန်သူ့ဘက်မှ ထောက်လှမ်းမှုများကိုရှုပ်ထွေးသွားစေရန် ရှောင်ရှားနိုင်စွမ်းနှင့် အလိုအလျောက်ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းပါ ရရှိသွားနိုင်ကြောင်း သုံးသပ်သူများက ပြောကြားခဲ့သည်။"တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ တော်ပီဒိုတွေကို လမ်းကြောင်းလွှဲဖို့အတွက် ပစ်မှတ်အတုတွေကို အသုံးပြုလေ့ရှိပေမဲ့ AI ဟာ ပစ်မှတ်အစစ်နဲ့ ပစ်မှတ်အတုတွေကို ခွဲခြားသိမြင်နိုင်အောင် ကူညီပေးနိုင်ပါတယ်" ဟု ခယောင်းနမ် တက္ကသိုလ်မှ ပါမောက္ခ လင်းအွန်းချူး က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။"တော်ပီဒိုတွေကနေ ရေငုပ်သင်္ဘောသုံး လက်နက်တွေအထိ၊ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် လက်နက်စွမ်းအားတွေကို အသုံးမဝင်အောင် ပြုလုပ်နိုင်တယ်ဆိုတာကို သက်သေပြဖို့ ‌မြောက်ကိုရီးယားဟာ အရင်းအမြစ်တွေကို အပြည့်အဝ ပုံအောအသုံးပြုနေပါတယ်" ဟု ၄င်းက ဆိုသည်။ပြီးခဲ့သည့် စက်တင်ဘာလကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယား၏ လက်နက်စနစ်များတွင် AI နည်းပညာအသုံးပြုသည့်အဆင့်အထိ မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group