
ပဲခူးမြို့နယ်အတွင်း ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ဆက်လက်မြင့်တက်နေသဖြင့် ရေဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အရေးပေါ်ကွပ်ကဲရေးစင်တာ (Emergency Operations Center - EOC) ကို ဖွင့်လှစ်၍ ၂၄ နာရီ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ပဲခူးမြို့ဌာနဆိုင်ရာ သတင်းအရင်းအမြစ်များထံမှ သိရသည်။
အဆိုပါ EOC ကို ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ဖွင့်လှစ်ထားပြီး ပဲခူးမြစ်ရေ အခြေအနေ၊ ရေဘေးအန္တရာယ် ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် အရေးပေါ်အခြေအနေများကို အချိန်ပြည့် စောင့်ကြည့်နေကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီခွဲ ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာအထက်သို့ ကျော်လွန်ပြီး ၉၁၇ စင်တီမီတာအထိ ရောက်ရှိနေကြောင်း သိရသည်။ ယင်းရေအမှတ်သည် စိုးရိမ်ရေအမှတ်ထက် ၃၇ စင်တီမီတာခန့်၊ တစ်ပေအနည်းငယ်ကျော် မြင့်တက်နေခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲ ထုတ်ပြန်ချက်နှင့် နှိုင်းယှဉ်ပါကလည်း ရေထပ်မံမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်နှင့် လမ်းအချို့တွင် ရေဝင်ရောက်နေပြီး ရန်ကုန်-မန္တလေးလမ်းမဟောင်းပေါ်သို့ပါ ရေကျော်နေသည့် နေရာများရှိလာကြောင်း မြို့ခံများထံမှ သိရသည်။
ထို့အပြင် ရေဝင်ရောက်မှုကြောင့် နေထိုင်ရန် အခက်အခဲရှိလာသည့် အနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူအချို့ကို ရေဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနေရာချထားမှုများ ဆောင်ရွက်နေရကြောင်း မြို့ခံပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။
ရေဘေးကြောင့် ရွှေ့ပြောင်းရန်လိုအပ်သည့် ပြည်သူများအား ပဲခူးမြို့ မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် မြို့ခံပရဟိတအသင်းအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာပါက ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရေး၊ ပြည်သူများအား အချိန်မီ ရွှေ့ပြောင်းပေးနိုင်ရေးနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် EOC မှ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေသဖြင့် မြစ်ရေမြင့်တက်မှုနှင့် မိုးရွာသွန်းမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။