
ဓာတ်ခွဲစစ်ဆေးရာတွင် ပိုးမွှားများ တွေ့ရှိသဖြင့် သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၁၄ မျိုး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်သည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် ကွပ်ကဲလျက်ရှိကြောင်း သိရသည်။
အာဆီယံဒေသတွင်းနိုင်ငံများ၏ Post - Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံနိုင်ငံအချို့တွင် တွေ့ရှိရသော သုံးစွဲရန်မသင့်သည့် ဖော်ပြပါ အလှကုန်ပစ္စည်း ၁၄ မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေး အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများပါဝင်ခြင်း၊ ဓာတ်ခွဲစစ်ဆေးရာတွင် ပိုးမွှားများ ပေါက်ဖွားမှုတွေ့ရှိရခြင်းတို့ကြောင့် အများပြည်သူလုံးဝ(လုံးဝ) သုံးစွဲရန် မသင့်ပါကြောင်း အသိပေးအပ်ကြောင်း သိရသည်။
သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို သုံးစွဲမိပါက အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သား တုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်များနှင့် online ရောင်းချသည့် လုပ်ငန်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင် ထားခြင်းမရှိသော သုံးစွဲရန်မသင့်ကြောင်းကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရ လုံးဝမပြုလုပ်ရန် အသိပေးအကြောင်းကြားကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များတွင် ဈေးကွက်စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်သည်။