
မော်တော်ယာဉ်များ တိုလ်းဂိတ်တွင် ရပ်တန့်စရာမလိုဘဲ Free flow ဖြတ်သန်းနိုင်သည့် RFID (Radio Frequency Identification Device) စနစ်ကို တစ်လအတွင်း ယာဉ်အစီးရေ ၁၇၀၀ ၌ တပ်ဆင်ခဲ့ကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ ၁၇ ရက်) က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့်အဖွဲ့သည် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး အမှတ်(၃) လမ်းဆုံရှိ Toll Pass Station သို့ရောက်ရှိပြီး ခရီးသည်တင်မော်တော်ယာဉ်ကြီးများနှင့် ကိုယ်ပိုင် ယာဉ်များမှ Toll Pass Unit ဝယ်ယူ၍ Toll Pass RFID Sticker တပ်ဆင်မှုအခြေအနေများ၊ အဆိုပါ စနစ် တပ်ဆင်ထားသော ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များသည် My Toll Pass Mobile Application ကို အသုံးပြု၍ အမြန်လမ်းမကြီးတိုးလ်ဂိတ်အလိုက် မိမိဖြတ်သန်းမှုနှင့် ဖြတ်သန်းခ ပေးချေမှုဆိုင်ရာ အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည့်အခြေအနေများ၊ Toll Pass RFID စနစ်အား Register ပြုလုပ်သည့်ဝန်ထမ်းများသည်လည်း Toll Pass Station Mobile Application ကို အသုံးပြုကာ မော်တော်ယာဉ်များအား မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းနှင့် Register ပြုလုပ်ခြင်း၊ အဆိုပါ Mobile Application မှ Toll Pass Unit (TPU) ရောင်းရငွေများအား ဘဏ်သို့အပ်နှံမှု အထောက် အထားများကို ရုံးချုပ်သို့ တိုက်ရိုက်ပေးပို့နိုင်ခြင်း၊ နေ့ရက်အလိုက် ဆောင်ရွက်မှုမှတ်တမ်းများ ကြည့်ရှုနိုင်ခြင်း၊ Toll Pass RFID Sticker များအား အသုံးပြုမှုအလိုက် စာရင်းဇယားများ စီမံခန့်ခွဲ နိုင်သည့်အခြေအနေများနှင့် သတ်မှတ် Lane များအတွင်း Toll Pass စနစ်တပ်ဆင်ထားသော မော်တော်ယာဉ်များ ဖြတ်သန်းမှုအခြေအနေများနှင့် တပ်ဆင်ထားသော နည်းပညာဆိုင်ရာ စက်ပစ္စည်း နှင့်စနစ်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက RFID (Radio Frequency Identification Device)ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်၍ပြောင်းလဲဆောင်ရွက်ပေးခြင်းဖြင့် မော်တော်ယာဉ်များ တိုလ်းဂိတ်တွင် ရပ်တန့်စရာမလိုဘဲ Free flow ဖြတ်သန်းနိုင်သဖြင့် ငွေသားလေလွင့်ဆုံးရှုံးမှုများ မရှိခြင်း၊ အချိန်ကုန်သက်သာခြင်းစသည့် အကျိုးများရရှိမည်ဖြစ်ကြောင်း၊ တိုးလ်ဂိတ်များတွင် တပ်ဆင်အသုံးပြုသည့် ပစ္စည်းများပျက်စီးမှုနည်းပါးစေရေး၊ ရေရှည်တည်တံ့ ခိုင်မြဲစေရေးတို့အတွက် တာဝန်ရှိသူများမှ ကြီးကြပ်ပြီး အသုံးပြုသည့်ဝန်ထမ်းများ အနေဖြင့်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် RFID (Radio Frequency Identification Device) ပါဝင်သည့် စနစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို စက်တင်ဘာ ၁၇ ရက်တွင် စတင်အသုံးပြုခဲ့ပြီး အောက်တိုဘာ ၁၆ ရက်အထိ ကိုယ်ပိုင်ယာဉ် ၁၂၀၅) စီးနှင့် ခရီးသည်တင်ယာဉ် ၄၉၅ စီး၊ စုစုပေါင်း ၁၇၀၀ စီး တပ်ဆင်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ RFID Toll Pass စနစ်တပ်ဆင်ခြင်း များကို ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ အမှတ်(၃)လမ်းဆုံ၊ နေပြည်တော်စီလမ်းဆုံနှင့် စကားအင်းလမ်းဆုံတို့တွင် တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင် ၃၂/၃ မှ ၃၃/၃ကြားတွင် ၁၂ ပေ ၆ လက်မ အကျယ်၊ ၁ ပေ ၆လက်မ ထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေသား လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။