
၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပြီးစီးခဲ့ပြီး ပုလဲအတွဲပေါင်း ၆၂၉ တွဲ၊ ကျောက်မျက်အတွဲ ၇၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၇၀၀ ကျော် ရောင်းချခဲ့ကြောင်း သိရသည်။
၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒသမနေ့ကို အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ပြီး ဒသမနေ့ပြပွဲတွင် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများအနက် အတွဲအမှတ် ၂၃၅၆ မှ ၃၀၇၃ အထိ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၆၇၅ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် တင်ဒါအောင်မြင်သည့် ကျောက်စိမ်းအတွဲများ အောင်စာရင်းထုတ်ပြန်ကြေညာနေမှုနှင့် တင်ဒါအောင်မြင်သည့် ပြည်တွင်းရတနာကုန်သည်များက မိမိတို့ တင်ဒါအောင်ကျောက်အတွဲများအား စိစစ်ထုပ်ပိုး သိမ်းဆည်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယခုကျင်းပသည့် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၇၀၀ အနက်မှ ၆၂၉ တွဲကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက်မှ အတွဲ ၇၀ ကိုလည်းကောင်း၊ အုပ်စု (အေနှင့်ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၁၆၀၅ တွဲအနက်မှ ၁၃၄၉ တွဲကိုလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၁၄၆၈ တွဲအနက်မှ ၁၄၀၈ တွဲကိုလည်းကောင်း နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးစီးပွားဖြစ်ထွန်းစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ ခေတ်အဆက်ဆက်ပြပွဲများ၊ နှစ်လယ်ရတနာပြပွဲများ၊ အထူးရောင်းချပွဲများကျင်းပခဲ့ရာ ယခု၂၀၂၆ ခုနှစ် ၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် ၁၀၄ ပွဲမြောက် ကျင်းပသည့်ပြပွဲဖြစ်ကာ ပြည်တွင်းရတနာကုန်သည်များအတွက် စီးပွားရေးအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)ကို အားပေးမြှင့်တင်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရသည်။