
ထိုင်းနိုင်ငံတွင် Covid-19 နှင့် Mpox ရောဂါကူးစက်မှုများ ဆက်လက်မြင့်တက်နေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၂၃ ရက်အထိ ထိုင်းနိုင်ငံတွင် Mpox ရောဂါဖြစ်ပွားသူ ၂၅၄ ဦးရှိခဲ့ပြီး Clade Ib ဗိုင်းရပ်စ်မျိုးကွဲ ဖြစ်ပွားသူ ၁၉၃ ဦးနှင့် Clade II မျိုးကွဲ ဖြစ်ပွားသူ ၅၈ ဦး ပါဝင်ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်တီယန် ကာနာဆာဝပ်က စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
Mpox ရောဂါ လူနာများကို ဘန်ကောက်မြို့ပြဧရိယာ၊ မြို့ကြီးများနှင့် ခရီးသွားလာရေး ခရိုင်များတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း Mpox ရောဂါအခြေအနေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်းနှင့် ကိုယ်ခံအားနည်းသူများတွင် ပိုမိုပြင်းထန်သည့် လက္ခဏာများကို ဖြစ်ပေါ်စေသော Clade Ib မျိုးဗီဇပြောင်းပိုး ကူးစက်ခံရသူ အရေအတွက်မှာ Clade II ထက် ပိုမိုမြင့်တက်လာနေကြောင်း ဒေါက်တာ မွန်တီယန်က ပြောကြားခဲ့သည်။
Covid-19 ကူးစက်မှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ကူးစက်ခံရသူ စုစုပေါင်း ၉၉၀၀၀ ခန့်ရှိခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဂျူရိုင်း ဝေါင်းဆာဝပ်က ပြောကြားခဲ့သည်။
မိုးရာသီ ရာသီဥတု အခြေအနေများကြောင့် ဇွန်လမှစပြီး ကူးစက်မှု အရေအတွက် ပိုမိုများပြားလာခဲ့သော်လည်း စုစုပေါင်း ရောဂါဖြစ်ပွားမှုမှာ လွန်ခဲ့သော ၃ နှစ်တာ ကာလကထက် လျော့နည်းခဲ့ကြောင်း တာ၀န်ရှိသူများက ပြောကြားခဲ့သည်။
Ref: Bangkok Post