
ယူကရိန်း၏ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် ရုရှားသင်္ဘော ၁၀၀ ခန့် ပျက်စီးခဲ့ရသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ဝန်ခံပြောကြားခဲ့သော်လည်း ကိယက်ဗ်ကရုရှားကို စိုးရိမ်ရလောက်အောင်ထိခိုက်ပျက်စီးစေခြင်းမရှိဟု ဆိုသည်။
"သူတို့က ကျွန်တော်တို့ကို တကယ်ပဲ ထိခိုက်ဆုံးရှုံးအောင် လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်" ဟု စက်တင်ဘာ ၁ ရက်က တာဂျစ်ကစ္စတန်နိုင်ငံ၏ မြို့တော် ဘစ်ရှ်ကတ်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပူတင်က ဝန်ခံပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "နိုင်ငံခြားသားများ အပါအ၀င် ရေတပ်သင်္ဘောသားအချို့ သေဆုံးခဲ့ရပါတယ်" ဟု ပြောကြားခဲ့ပြီး သေဆုံးသူများထဲတွင်အဇာဘိုင်ဂျန်နှင့် တူရကီ နိုင်ငံသားများပါဝင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုအချိန်အထိ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် စုစုပေါင်းဆုံးရှုံးမှုသည် ရုရှားဂျီဒီပီ၏ တစ်ရာခိုင်နှုန်းခန့်ရှိသည်ဟုခန့်မှန်းကြောင်းပူတင်က ပြောသည်။
"ဒါဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု မဟုတ်ပါဘူး။ သူတို့အနေနဲ့လည်း ကျွန်တော်တို့ကို အကြီးအကျယ် ထိခိုက်အောင် မလုပ်နိုင်ပါဘူး" ဟု ၎င်းက ဆိုသည်။
ယူကရိန်းသည် ရုရှားကို တိုက်ခိုက်သည့်စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် ပင်လယ်နက်နှင့် အနီးနားရှိ အဇော့ဗ်ပင်လယ်တို့တွင် ရေနံတင်သင်္ဘောများနှင့် ဂျုံတင်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ကိယက်ဗ်အစိုးရသည် ရုရှားပိုင်နက် ဒေသများအထိ တာဝေးပစ်ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို သိသိသာသာ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ရေနံချက်စက်ရုံများနှင့် Logistics ဗဟိုချက်များကို ထပ်မံပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
သို့သော် လက်ရှိတွင် ရုရှားရေနံချက်စက်ရုံများကို အကာအကွယ်ပေးမှုသိသိသာသာမြင့်တက်လာခဲ့သည်ဟုပူတင်က ပြောကြားခဲ့သည်။ ပူတင်၏ ထပ်လောင်းကတိပြုမှုများရှိသော်လည်း ရုရှားအစိုးရသည်၎င်းတို့၏လုံခြုံရေးကို အာမခံပေးနိုင်ခြင်းမရှိကြောင်းကုမ္ပဏီများကမကျေမနပ်ပြောကြားခဲ့ကြသည်။
ယူကရိန်းသည် ရုရှားစီးပွားရေးထိခိုက်စေရန်နှင့် မော်စကို၏စစ်ရေးစရိတ် ထောက်ပံ့နိုင်စွမ်း ပိုမိုခက်ခဲသွားစေရန် ကြိုးပမ်းလျက်ရှိသည်။
ပူတင်က ယူကရိန်း၏ အဆိုပါတိုက်ခိုက်မှုများသည် စလိုက်သည်နှင့် ပြဿနာအများအပြားဖြစ်လာစေမည့် လုပ်ရပ်(Pandora's box ) ဖြစ်သည်ဟုပြောကြားခဲ့ပြီးယူကရိန်းကို ယခုထက် ပိုမိုပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
Ref:DPA
AFP photos