
ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၃၀၀၀ ကျော်လွန်သွားပြီဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည့် အစိုးရ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဩဂုတ်လ ၃၁ ရက်နေ့ အထိ ဗဟိုအာဖရိက နိုင်ငံဖြစ်သော ဒီအာကွန်ဂိုတွင် အတည်ပြုလူနာ ၆၁၈၆ ဦး ရှိခဲ့ပြီး ၄င်းတို့အနက် သေဆုံးသူ ၃၀၀၇ ဦး ပါဝင်သဖြင့် ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ၄၈ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။
စုစုပေါင်း လူနာ ၁၄၀၉ ဦး ပြန်လည်သက်သာလာခဲ့ပြီး ၈၃၀ ဦးသည် အီဘိုလာ ကုသရေးစင်တာများ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရဆဲဖြစ်သည်။
အဆိုပါ ကူးစက်ရောဂါသည် အီတူရီ၊ မြောက်ကီဗူး၊ ဟော့ အူအီလီ ၊ ရှိုပို၊ တောင်ကီဗူးနှင့် ဘက်စ် အူအီလီအပါအဝင် ပြည်နယ် ၆ ခုရှိ ကျန်းမာရေးဇုန် ၆၀ ခန့်သို့ ကူးစက်ပျံ့နှံ့လျက်ရှိသည်။
မေလတွင် စတင်ကြေညာခဲ့သော ယခု ကူးစက်မှုသည် ဒီအာကွန်ဂိုနိုင်ငံသမိုင်းတွင် အကြီးမားဆုံးနှင့် သေဆုံးမှု အများဆုံး အီဘိုလာကူးစက်ရောဂါ ဖြစ်လာခဲ့သည်။