Eleven Media Group

■ အင်ဒိုနီးရှားက ၄င်းတို့နိုင်ငံသားအချို့ ရုရှားစစ်တပ်တွင် စစ်မှုထမ်းရန် စုဆောင်းခံရသည့်သတင်းကို စုံစမ်းနေ

အင်ဒိုနီးရှားနိုင်ငံသားရှစ်ဦးကို ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ပွဲဝင်ရန် စုဆောင်းခဲ့သည်ဆိုသည့်သတင်းကို အင်ဒိုနီးရှားဘက်က စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

ယူကရိန်းနိုင်ငံ၏ ပြည်ပထောက်လှမ်းရေးဌာန (SZRU) က ပြီးခဲ့သည့် သီတင်းပတ်တွင် ရုရှားစစ်တပ်ထဲ ဝင်ရောက်ခဲ့သည်ဟု ယူဆရသည့် အင်ဒိုနီးရှားအမျိုးသားများ၏ e-visa လျှောက်လွှာခုနစ်ခုနှင့် ရွှေ့ပြောင်းနေထိုင်ခွင့်ကတ်တစ်ခုတို့၏ ရုပ်ပုံဖိုင်များကို ထုတ်ပြန်ခဲ့သည်။

Jakarta Globe ၏ ဖော်ပြချက်အရ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဆိုပါသတင်းနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားသံတမန်ရေးအဖွဲ့များနှင့် အခြားဝန်ကြီးဌာနများထံ ဆက်သွယ်စစ်ဆေးနေသည်။ နိုင်ငံသားရှစ်ဦးသည် အလုပ်အကိုင်ကြော်ငြာအတုများ၏ သားကောင် ဖြစ်ခဲ့ခြင်းရှိ မရှိ ၊ လူကုန်ကူးခံရခြင်း ရှိ မရှိ ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါ​ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အကယ်၍မှန်ခဲ့ပါက ထိုအမျိုးသားရှစ်ဦးကို ကာကွယ်ပေးရန် အင်ဒိုနီးရှားအစိုးရက ကြိုးပမ်းသွားမည်ဖြစ်ပြီး ထိုသို့မဟုတ်ဘဲ မိမိတို့ဆန္ဒအလျောက် ရုရှားစစ်တပ်ထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိပါက အင်ဒိုနီးရှားဥပဒေအရ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခံရနိုင်သည်။
ရုရှားသည် နီပေါ၊ ကျူးဘား၊ ကင်ညာနှင့် အိန္ဒိယနိုင်ငံသားများကိုလည်း လစာမြင့်မားစွာ ရရှိမည်၊ တိုက်ပွဲဝင်ရန်မလိုသည့် တာဝန်များ ထမ်းဆောင်ရမည်၊ ရုရှားနိုင်ငံသား အမြန်ဖြစ်ခွင့်ရမည်ဆိုသည့် မက်လုံးများပေးကာ စစ်တပ်ထဲဝင်ရောက်ရန် စုဆောင်းသည့် အစီအစဉ်များရှိနေကြောင်း ယူကရိန်းဘက်ကပြောသည်။

အရှေ့တောင်အာရှ၏ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ယူကရိန်းစစ်ပွဲတွင် မည်သည့်ဘက်မှမလိုက်ဘဲ ကြားနေမူဝါဒကို ကျင့်သုံးသည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးချင်းစီ၏ လုပ်ရပ်များသည် အင်ဒိုနီးရှားအစိုးရ၏ နိုင်ငံခြားရေးမူဝါဒ သို့မဟုတ် စစ်ပွဲနှင့်ပတ်သက်သည့် နိုင်ငံ၏ကြားနေသဘောထားကို ကိုယ်စားမပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မူရင်းသတင်း — Eleven Media Group