Myanmar National Post

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသင်တန်းကျောင်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ



နေပြည်တော်၊ စက်တင်ဘာ ၃

မန္တလေးငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒက္ခိဏသီရိမြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သင်တန်းကျောင်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြန်လည်ပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါသင်တန်းကျောင်း ပြုပြင်ပြီးစီးမှုအခြေအနေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦး၊ ဦးခင်လတ်ကြီးတို့နှင့်အတူ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် လာမည့်ဘဏ္ဍာနှစ်တွင် သင်တန်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ ကောင်းမွန်စွာသိရှိနားလည်၍ စွမ်းဆောင်ရည်မြင့်မားလာစေရေး၊ ရာထူးအဆင့်လိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ သိရှိနားလည်စေရေး၊ ရုံးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု၊ ဝန်ထမ်းရေးရာ စည်းမျဉ်း၊ စည်းကမ်းများ သိရှိနားလည်စေရေးတို့နှင့်စပ်လျဉ်း၍ မှာကြားသည်။

ထို့အတူ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်နေမှု၊ မဏိရတနာကျောက်စိမ်းခန်းမခန်းမအဝင် ပြင်ဆင်ထားရှိမှု၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ကျောက်စိမ်းဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post