Eleven Media Group

အယ်လ်ဟီလာကို ရောက်ရှိတဲ့ ပထမဆုံးနေ့မှာပဲ မာတင်နယ်လီ လေ့ကျင့်မှုပြုလုပ်

Photo: X

အာဆင်နယ်အသင်းကနေ အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီဟာ အသင်းသစ်ကို ရောက်ရှိတဲ့ ပထမဆုံးနေ့မှာပဲ လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အယ်လ်ဟီလာအသင်းက မာတင်နယ်လီကို ပေါင်သန်း(၆၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တခြားအသင်းဆီ ပြန်လည်ရောင်းထုတ်ခဲ့မယ်ဆိုရင် အကျိုးအမြတ်ကို အာဆင်နယ်အသင်းဆီ ရာခိုင်နှုန်းနဲ့ ပေးချေရမယ်လို့ သိရပါတယ်။
အယ်လ်ဟီလာအသင်းက မာတင်နယ်လီကို မနေ့က စာချုပ်ချုပ်ဆိုမှုပြုလုပ်ခဲ့ပြီး စာချုပ်သက်တမ်းက (၄)နှစ်ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို ဆယ်ကျော်သက်အရွယ်ကတည်းက ရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ(၂၇၈)ပွဲကစားကာ (၆၂)ဂိုး သွင်းယူပေးထားတဲ့ မာတင်နယ်လီက အသင်းမှာ ဆက်ကစားဖို့ ဆန္ဒရှိခဲ့ပေမဲ့ အရောင်းစာရင်း တင်သွင်းခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲမှာ အသင်းလူစာရင်းထဲ ထည့်သွင်းမခံခဲ့ရတဲ့နောက် မာတင်နယ်လီက အယ်လ်ဟီလာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ပါတယ်။
မာတင်နယ်လီ(၂၅ နှစ်)က အယ်လ်ဟီလာအသင်းနဲ့ ချက်ချင်းလေ့ကျင့်မှုပြုလုပ်ခဲ့တာကြောင့် ဒီနေ့ည ယှဉ်ပြိုင်ရမယ့် အယ်လ်ရှာဘတ်နဲ့ပွဲမှာ စတင်ပွဲထွက်ကစားဖွယ်ရှိကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group