
အာဆင်နယ်နည်းပြ အာတေတာက လိုင်လီအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်နိုင်ပွဲကို ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ကင်ဖရိုင်ယာအတွက် ရည်ညွှန်းကြောင်း ပြောကြားခဲ့ပါတယ်။
ကင်ဖရိုင်ယာဟာ အာဆင်နယ်အသင်းမှာ နှစ်ပေါင်း(၇၀)ကျော် အမှုထမ်းခဲ့သူဖြစ်ပြီး အသက်(၉၂)နှစ်အရွယ်မှာ အောက်တိုဘာ(၁၃)ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။
အာဆင်နယ်အသင်းက ကင်ဖရိုင်ယာကို ၂၀၂၀ ခုနှစ်မှာ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ကင်ဖရိုင်ယာ ကွယ်လွန်သွားခြင်းအတွက် လိုင်လီနဲ့ပွဲမှာ လက်ပတ်အမည်း ဝတ်ဆင်ကစားခဲ့သလို၊ ပွဲအပြီးမှာ နိုင်ပွဲကို သူ့အတွက် ရည်ညွှန်းကြောင်း အာတေတာက ပြောကြားခဲ့တာပါ။
''ဒါက သူ့အတွက်ပါ။ ဒီနိုင်ပွဲနဲ့ အသင်းကစားခဲ့တဲ့ ကစားဟန်အတွက် သူ ပျော်ရွှင်မှာ သေချာပါတယ်။ ကလပ်အသင်း လက်ရှိရောက်နေတဲ့ အဆင့်နေရာနဲ့ ကစားသမားတွေရဲ့ စုစည်းညီညွတ်မှုအတွက် သူ အရမ်းဂုဏ်ယူနေမယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ဒီနေ့က တကယ်ဝမ်းနည်းစရာကောင်းတဲ့နေ့ပါ။ ကျွန်တော် အိပ်ရာနိုးလာချိန်မှာ ရစ်ချတ်ဂါးလစ်က ကင် ကွယ်လွန်သွားပြီဆိုတာ အသိပေးခဲ့ပါတယ်။ သူနဲ့ ဆုံတွေ့ခဲ့ရတာ၊ သူနဲ့ အချိန်ကုန်ဆုံးခဲ့ရတာ၊ သူ့ဆီက သင်ယူခဲ့ရတာတွေဟာ ကျွန်တော့်အတွက် ဆုလာဘ်တွေပါပဲ'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာလည်း ကင်ဖရိုင်ယာအတွက် ဂုဏ်ပြုမှု ထပ်မံပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။