
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုမှာ စက်တင်ဘာ ၂ ရက်က တစ်စက္ကန့်လျှင် ၉,၉၈၇ ကုဗပေအထိ မြင့်တက်ခဲ့ရာမှ စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီ ထုတ်ပြန်ချက်အရ တစ်စက္ကန့်လျှင် ၉,၀၆၅ ကုဗပေ(၉၂၂ ပေ) ခန့်အထိ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။
အောက်ပေါင်းလောင်းတမံ၏ ထုတ်ပြန်ချက်များအရ ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုသည် ဩဂုတ် ၃၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် တစ်စက္ကန့်လျှင် ၂,၀၅၀ ကုဗပေခန့် ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီတွင် ၉,၉၈၇ ကုဗပေ ငါးဆနီးပါး အထိ မြင့်တက်ခဲ့သော်လည်း စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီ ထုတ်ပြန်ချက်တွင် ရေပိုလွှဲရေထုစီးနှုန်းမှာ ၉,၀၆၅ ကုဗပေ/စက္ကန့် သို့ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
အချက်အလက်များအရ ဩဂုတ် ၃၁ ရက်က စတင်တွေ့ရှိခဲ့သည့် ရေကျော်စီးဆင်းမှုနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာ ၂ ရက်တွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပြီး ယခု စက်တင်ဘာ ၄ ရက်တွင် အဆိုပါပမာဏထက် ၉၂၂ ကုဗပေ/စက္ကန့်ခန့် လျော့ကျလာခြင်း ဖြစ်သည်။
အောက်ပေါင်းလောင်းတမံ၏ နှစ်အလိုက် ရေထုစီးဆင်းမှုအရ ၂၀၂၄ ခုနှစ်တွင် တစ်စက္ကန့်လျှင် ၅၆,၆၈၁ ကုဗပေ၊ ၂၀၂၅ ခုနှစ်တွင် ၁၉,၀၅၂ ကုဗပေ ရှိခဲ့ပြီး ယခုနှစ် စက်တင်ဘာ ၄ ရက်တွင် ၉,၀၆၅ ကုဗပေသာရှိသဖြင့် လက်ရှိမှာ သုံးနှစ်တာ နှိုင်းယှဉ်မှုအတွက် ရေထုစီးဆင်းမှုပမာဏ အနည်းဆုံးအခြေအနေဖြစ်ကြောင်း ၊ လက်ရှိအခြေအနေတွင် ပေါင်းလောင်းမြစ်၏ ရေဝေရေလဲဒေသများအတွင်း ထူးကဲသည့် မိုးသည်းထန်စွာရွာသွန်းမှု မရှိပါက ရေကြီးရေလျှံမှု စိုးရိမ်ဖွယ်မရှိကြောင်းနှင့် တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်မှုမှာလည်း ကောင်းမွန်ကြောင်း ထုတ်ပြန်ထားသည်။
အောက်ပေါင်းလောင်းတမံနှင့်ပတ်သက်၍ ပျဉ်းမနားမြို့နယ်အတွင်း ဆင်သေ၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်းမြစ်ဝှမ်းတစ်လျှောက်ရှိ စုတ်ကျေးရွာအပါအဝင် အောက်ဘက်ကျေးရွာများတွင် ရေဘေးအန္တရာယ် စိုးရိမ်မှုများ ဖြစ်ပေါ်နေခြင်းမှာ သတင်းတစ်ဝက်တစ်ပျက် နားကြားလွဲမှုများမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ကောလဟာလများသာဖြစ်ကြောင်း နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ လူမှုကရုဏာရှင် ပရဟိတတာဝန်ရှိသူ၏ရုပ်သံဖိုင်တို့ဖြင့်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေး-၅)မှ ဖြစ်ပေါ်လျှက်ရှိသော ကောလဟလများအပေါ် ထပ်မံရှင်းလင်း ထုတ်ပြန်ထားသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေး-၅) အနေဖြင့် တမံနှင့်ပတ်သက်သည့် သတင်းမှန်များကို ပြည်သူများ တိတိကျကျ သိရှိနိုင်ရန် နေ့စဉ် နံနက် ၆ နာရီ၊ နေ့လယ် ၁၂ နာရီနှင့် ညနေ ၆ နာရီတို့တွင် တစ်နေ့ (၃) ကြိမ် ပုံမှန် တရားဝင်ထုတ်ပြန်ပေးလျက်ရှိပြီး ထူးခြားမှုရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက် အသိပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကြားသိရသည့် သတင်းများကို အခြေအမြစ် ရှိ/မရှိ ပြန်လည်သုံးသပ်ကြရန်၊ အသိပေးနှိုးဆော်ချက်များကို သေချာစွာ နားထောင်ကြရန်နှင့် မသေချာသော သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ပြန်လည်မျှဝေခြင်း မပြုကြရန် တာဝန်ရှိသူများက အထူးမေတ္တာရပ်ခံထားကြောင်း သိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)