
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ထရန့်က အစီအမံသစ်များနှင့်အတူ သံတမန်များကို မော်စကိုမြို့နှင့် ကိယပ်ဗ်မြို့သို့ စေလွှတ်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လေးနှစ်ကျော်ကြာမြင့်လာပြီဖြစ်သော ယူကရိန်းစစ်ပွဲ ပြီးဆုံးရေး အစီအမံများနှင့်အတူ သံတမန်များဖြစ်သော စတိဗ်ဝစ်ကော့ဖ်နှင့် ဂျာရက်ကူရှ်နာတို့ကို မော်စကိုနှင့် ကိယက်ဗ်တို့ထံ စေလွှတ်လိုက်သည်ဟု စက်တင်ဘာ ၄ ရက်တွင်ပြောကြားခဲ့သည်။
ယခုကဲ့သို့ သံတမန်များကို စေလွှတ်လိုက်ခြင်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အပြင်းထန်ဆုံးစစ်ပွဲတွင် သံတမန်ရေးဆိုင်ရာ ရှေ့မတိုးနောက်မဆုတ်အခြေအနေကို ချိုးဖျက်ရန် ဝါရှင်တန်၏ နောက်ဆုံးကြိုးပမ်းမှုဖြစ်သည်။
သံတမန်များသည် စက်တင်ဘာ ၆ ရက်တွင် ကိယက်ဗ်မြို့သို့ ရောက်မည်ဟု အကြီးတန်း ယူကရိန်း တာဝန်ရှိသူက AFP ကို ပြောကြားခဲ့သည်။
အမေရိကန်သတင်းဌာန Axios က သံတမန်များသည် စက်တင်ဘာ ၅ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို မော်စကိုမြို့၌ တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာ ၆ ရက်တွင် သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို ကိယက်ဗ်မြို့၌ တွေ့ဆုံမည်ဟု ဆိုသည်။
ယင်း စေ့စပ်ဆွေးနွေးသူနှစ်ဦးသည် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုအလားအလာ ရှိ မရှိဆိုသည်ကို တိုင်းတာရန် ကြိုးပမ်းကြလိမ့်မည်ဟု ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးကြိုးပမ်းမှုများသည် အမေရိကန်၏ အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရပ်ဆိုင်းနေခဲ့သည်။ ယင်းအနေအထားတွင် ရုရှားနှင့် ယူကရိန်းတို့သည် တာဝေးပစ်လက်နက်များကို အသုံးပြု၍ တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့ကြသောကြောင့် အရပ်သားထိခိုက်သေဆုံးမှုများသည် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း မမြင်ဘူးသော အနေအထားအထိ ရောက်ရှိလာခဲ့သည်။
"ကျွန်တော်က ကြီးကျယ်တဲ့ စေ့စပ်ဆွေးနွေးရေးသမားတွေဖြစ်တဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျာရက်ကူရှ်နာတို့ကို စေလွှတ်လိုက်ပါတယ်။ သူတို့ဟာ ကြီးကျယ်တဲ့အလုပ်ကို လုပ်ခဲ့ကြပြီးပါပြီ။ ကျွန်တော်တို့ဟာ တစ်ခုခုကို လုပ်ဆောင်နိုင်ခြင်းရှိ မရှိဆိုတာ သိရအောင် သူတို့ကို စေလွှတ်လိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်နိုင်မယ်ဆိုတဲ့ အခွင့်အလမ်းကောင်းတစ်ခု ရှိကောင်းရှိနိုင်ပါတယ်"ဟု ထရန့်က ပြောကြားခဲ့သည်။
"သူတို့ဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် အဆိုပြုချက်တစ်ခုကို ယူဆောင်သွားကြပါတယ်"ဟု အမေရိကန်သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုအစီအမံတွင် ယူကရိန်းနယ်မြေ ပေးအပ်ရမည်ဆိုသည့်အချက်နှင့်ပတ်သက်၍ အမေရိကန်သမ္မတက ပြောကြားခြင်းမရှိသော်လည်း မိမိတို့တွင် ငြိမ်းချမ်းရေးအတွက် အယူအဆတစ်ခုရှိကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးရရှိရန်အတွက် ယူကရိန်းက ရုရှားကို နယ်မြေများ ပေးအပ်ရမည်ဟု ယခင်က ထရန့်က ပြောကြားခဲ့သည်။
Ref: AFP
photos: AFP