Eleven Media Group

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဂါဇာရှိ ပါလက်စတိုင်းပြည်သူ ငါးသိန်းအတွက် အကူအညီများ လျှော့ချ

ရန်ပုံငွေမလုံလောက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသအတွက် စားနပ်ရိက္ခာ အကူအညီပေးရေး အစီအစဉ်ကို သိသိသာသာ လျှော့ချတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကြေညာထားသည်။

ယင်းကြောင့် လစဉ်စားနပ်ရိက္ခာ အကူအညီရရှိနေသူ ငါးသိန်းခန့် အကူအညီရပ်သွားမည်ဖြစ်သည်။

WFP သည် လစဉ်စားနပ်ရိက္ခာ အကူအညီပေးနေသူဦးရေကို ၁၆ သိန်းမှ ၁၁ သိန်းအထိ လျှော့ချသွားမည်ဖြစ်ကာ စားနပ်ရိက္ခာခွဲတမ်းကိုလည်း ထက်ဝက်လျှော့ချမည်ဖြစ်ပြီး မိသားစု ၇၅၀၀၀ အတွက် ငွေကြေးအကူအညီကိုလည်း ဖြတ်တောက်ထားသည်။

ကိုယ်တိုင်ချက်ပြုတ် စားသောက်ရန် အခက်အခဲရှိသူများအတွက် နေ့စဉ်ကျွေးမွေးနေသည့် ချက်ပြုတ်ပြီး အစားအစာကိုလည်း လူ ၂၅၀၀၀၀ စာမှ ၁၅၀၀၀၀ အထိ လျှော့ချလိုက်သည်။

သွားလာရခက်ခဲသည့် ဒေသအချို့ရှိ မိသားစုများသည် ယခုအခါ တစ်ရက်ခြားမှသာ ချက်ပြုတ်ပြီးစားစရာများ ရရှိတော့ကြောင်း WFP ကပြောသည်။

“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့တာ တစ်နှစ်ရှိပါပြီ။ ဒါပေမဲ့ ဒီမှာ နေထိုင်ရတဲ့ဘဝက အခုထိ ကြမ်းတမ်းနေတုန်းပါပဲ။ သင့်တော်တဲ့နေစရာ မရှိဘူး။ အခြေခံဝန်ဆောင်မှုတွေ မရှိဘူး။ လုံခြုံမှုလည်း မရှိဘူး” ဟု WFP ယာယီအမှုဆောင် ညွှန်ကြားရေးမှူး ကားလ်စကောက ရိုက်တာသတင်းဌာနကို ပြောသည်။

ဂါဇာကမ်းမြောင်နှင့် အစ္စရေးသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းဒေသတို့တွင် အရေးကြီးသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် လာမည့်ခြောက်လအတွင်း အမေရိကန်ဒေါ်လာ သန်း ၄၅၀ အရေးပေါ်လိုအပ်နေကြောင်း WFP က ထုတ်ပြန်ထားသည်။

လက်ရှိတွင် အစ္စရေးတပ်ဖွဲ့များက ဂါဇာဒေသ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ဆက်လက်ထိန်းချုပ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြုလုပ်နေသည်။

Photo: AP / Reuters

မူရင်းသတင်း — Eleven Media Group