Eleven Media Group

အမေရိကန်၏ စီးပွားရေးစစ်ပွဲဆင်နွှဲမှုကြောင့် အီရန်၌‌ ငွေကြေးပြတ်လပ်နေပြီး စစ်သားများကို လစာမပေးနိုင်ဖြစ်နေရသည်ဟု အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးဘရက်ကူးပါး ပြောကြား

အီရန်ကိုအမေရိကန်၏စီးပွားရေးစစ်ပွဲဆင်နွှဲမှုက အီရန်၏ ပါဝါအရင်းအမြစ်များကို ထိခိုက်စေသောကြောင့် ယခုအခါ အီရန်သည် ၎င်း၏စစ်သားများကို လစာမပေးနိုင်ဖြစ်နေသည့်အပြင် တောင်ပိုင်းပြည်နယ်များ၌ ကြီးထွားလာနေသော မငြိမ်သက်မှုများကို နှိမ်နင်းရန် လိုအပ်လာနေသည်ဟု သိရသည်။

အမေရိကန်ဗဟိုကွပ်ကဲရေးဌာနအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါးက အောက်တိုဘာ ၁၆ ရက်တွင် ပို့စ်တင်ခဲ့သော ဗီဒီယိုမက်ဆေ့တွင် ပြောကြားခဲ့ရာ၌ ရေကြောင်းပိတ်ဆို့မှုက အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၅ ဘီလျံတန်ဖိုးရှိသော ရေနံစိမ်းများ တင်ပို့ခြင်းမှ အီရန်ကို တားဆီးခဲ့သည်ဟု ဆိုခဲ့သည်။

အမေရိကန်နှင့် အမေရိကန်၏မဟာမိတ်များက အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါးရှိသော ခရစ္စပတိုငေငွကြေး ပိုင်ဆိုင်မှုများကိုလည်း ပိတ်ဆို့ထားလိုက်သည်ဟု ဘရက်ကူးပါးက ဖြည့်စွက်ပြောကြားခဲ့သည်။

စီးပွားရေးစစ်ပွဲဆင်နွှဲမှု၏အကျိုးဆက်က အီရန်စီးပွားရေးတစ်ခုလုံးကို သက်ရောက်မှုရှိခဲ့ရာ အီရန်သည် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်အပါအဝင် စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ လုံခြုံရေးကဏ္ဍတို့ရှိ အလုပ်သမားများကို လစာများ၊ ပင်စင်များ၊ အစိုးရ ထောက်ပံ့ကြေးများ မပေးနိုင်သည့်အနေအထားဖြစ်နေသည်ဟု ကူးပါးက ပြောကြားခဲ့သည်။

အီရန်စစ်တပ်အပေါ် သက်ရောက်နေသည့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲက ထင်သာမြင်သာရှိလွန်းနေပြီး ဒေသတွင်း အီရန်နှင့်မဟာမိတ်ဖွဲ့ထားသော စစ်အုပ်စုများထံမှထွက်ပေါ်လာသော သတင်းများအရ အီရန်သည် တော်လှန်ရေးအစောင့်တပ်မှ စစ်သားများကို လစာမပေးနိုင်ဖြစ်နေသည်ဟု သိရကြောင်း ကူးပါးက ပြောကြားခဲ့သည်။

အီရန်အစိုးရသည် စီးပွားရေးဆိုင်ရာ ထိခိုက်မှုကို ခံစားနေရပြီဆိုသည်မှာ ရှင်းနေသည်ဟု သူက ပြောကြားခဲ့သည်။

လွန်ခဲ့သောသီတင်းပတ်များတွင် ပါရှန်းပင်လယ်ကွေ့၌ ကုန်တင်သင်္ဘောများ သွားလာသည့် လမ်းကြောင်း၌ အီရန်၏ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာသည်ကိုလည်း ကူးပါးက ရှင်းလင်းပြောကြားခဲ့သည်။

အီရန်၏အိမ်နီးချင်းများက ၎င်းတို့၏ ရေနံစိမ်းများကိုအမေရိကန် စစ်တပ်၏ အကာအကွယ်ပေးမှုဖြင့် တင်ပို့နေသော ကြောင့် ရေနံစီဆင်းမှုသည် စစ်မဖြစ်မီက အနေအထားနီးပါးရှိနေပြီဟု ဆိုသည်။

အီရန်၏စီးပွားရေးပြိုလဲမှုက ပြင်းထန်လွန်းသဖြင့် အီရန်ခေါင်းဆောင် မော့တာဘာခါမေနီကတောင် စိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

အီရန်ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူ မိုဆန်ရီဇာအေ့က အခြေအနေသည် အီရန်နိုင်ငံကရင်ဆိုင်နေရသည့် အခက်ခဲဆုံးကာလတစ်ရပ်ဖြစ်သည်ဟု ဝန်ခံပြောကြားကြောင်း အီရန်အစိုးရမီဒီယာက ယခုလ စောစောပိုင်းတွင် ဖော်ပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group