
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လာမည့်အစ္စရေးရွေးကောက်ပွဲတွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုကိုသာ ထောက်ခံကြောင်း အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အစ္စရေးတွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပတော့မည်ဖြစ်သည်။
နေတန်ယာဟုသည် စစ်မြေပြင်တွင် ထူးချွန်သည့် ဝန်ကြီးချုပ်ဖြစ်သကဲ့သို့ အီရန်နိုင်ငံကို နှိမ်နင်းရာတွင်လည်း ထူးချွန်သည့် ငြိမ်းချမ်းရေးမိတ်ဖက်တစ်ဦးဖြစ်သည်ဟု ထရန့်က လူမှုကွန်ရက်တွင် ချီးကျူးရေးသားခဲ့သည်။ နေတန်ယာဟုကလည်း ထရန့်၏ ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ဟီဘရူးဘာသာဖြင့် ရေးသားထားသည့်စာကို X လူမှုကွန်ရက်တွင် တင်ခဲ့သည်။
“ကြီးမားတဲ့ ထောက်ခံမှုနဲ့ အတူတကွ လက်တွဲလုပ်ဆောင်ပေးခဲ့တာတွေအတွက် သမ္မတထရန့်ကို ကျေးဇူးတင်ပါတယ်။ ဒီမစ်ရှင်ကို ကျွနု်ပ်တို့ အတူအဆုံးသတ်မှာပါ” ဟု တုံ့ပြန်ခဲ့သည်။
ထရန့်က ပို့စ်ထဲတွင် အီရန်အနေဖြင့် လက်ရှိလမ်းစဉ်ကို အမြန်ဆုံး မပြောင်းလဲပါက စစ်ဆင်ရေးကို မကြာမီ အဆုံးသတ်အောင် လုပ်တော့မည်ဟု ခြိမ်းခြောက်ထားပြန်သည်။ သို့သော် နေတန်ယာဟုသာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပါက ထိုသို့လုပ်ချင်မှ လုပ်တော့မည်ဟုလည်း ပြောသည်။
ထို့ပြင် နေတန်ယာဟုသည် ပြင်းထန်သည့် ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည့်ကြားမှ ရဲရင့်ထက်မြက်သူဖြစ်ကြောင်း၊ ပြည်တွင်း ဆန့်ကျင်မှုများပါ ရှိနေကြောင်း ထရန့်ကပြောသည်။
ထရန့်သည် ယခင် အစ္စရေးရွေးကောက်ပွဲများတွင်လည်း နေတန်ယာဟုကို ထောက်ခံခဲ့သည်။ ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာတွင် အစ္စရေးသမ္မတ အိုင်ဇက်ဟာဇော့ထံ ထရန့်က စာတစ်စောင်ပေးပို့ပြီး အဂတိလိုက်စားမှုဆိုင်ရာ စွဲချက်များမှ နေတန်ယာဟုကို ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။
ထရန့်သည် (အထူးသဖြင့် ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း) အခြားနိုင်ငံများ၏ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သူများကို လူသိရှင်ကြား ထောက်ခံလေ့ရှိပြီး ၎င်းထောက်ခံထားသူများ အနိုင်ရသည့်အခါ ထိုအောင်မြင်မှုအတွက် မိမိ၏ထောက်ခံမှုကို ဂုဏ်ယူစွာ ပြောဆိုလေ့ရှိသည်။