
မြန်မာနိုင်ငံအတွင်း အရပ်ဘက်လေယာဉ်တစ်စင်းအား ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် ယူကရိန်းနိုင်ငံသားခြောက်ဦး ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ပြောကြားခဲ့သည်။
အဆိုပါ အမေရိကန်နိုင်ငံသား မက်သရူး ဗန်ဒိုက်နှင့် ယူကရိန်းနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ် နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် မတ်လအတွင်းက ဖမ်းဆီးခံထားရသူများဖြစ်သည်။
အဆိုပါအဖွဲ့သည် အိန္ဒိယနိုင်ငံအတွင်းတွင်လည်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် စီစဉ်ထားသည့် စွပ်စွဲချက်များရှိနေသဖြင့် ၎င်းတို့အား ထိန်းသိမ်းထားသည့် တီဟာထောင်အတွင်းသို့ ဝင်ရောက်ပြီး ဗန်ဒိုက်နှင့် ယူကရိန်းနိုင်ငံသား ကာမင်စကီး ဗစ်တာတို့အား စစ်ဆေးမေးမြန်းခွင့်ပြုရန် NIA က Patiala House တရားရုံးကို လျှောက်ထားခဲ့သည်။
သံသယရှိသူများအား စစ်ဆေးမေးမြန်းခြင်းသည် စုံစမ်းစစ်ဆေးရေးအေဂျင်စီ၏ သာမန် လုပ်ထုံးလုပ်နည်း အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး တရားရုံးများအနေဖြင့် စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း အထူးတရားရုံးက ဆုံးဖြတ်ကာ NIA ၏ လျှောက်ထားချက်ကို ခွင့်ပြုပေးခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအတွင်း အနည်းဆုံး ယူကရိန်းနိုင်ငံသား ၁၄ ဦးသည် ကမ္ဘာလှည့်ခရီးသွား ဗီဇာများဖြင့် အိန္ဒိယနိုင်ငံအတွင်းသို့ မတူညီသည့်ရက်စွဲများဖြင့် ဝင်ရောက်လာခဲ့ပြီး ဂူဝါဟာတီမှတစ်ဆင့် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း NIA က ပြောကြားခဲ့သည်။
အဆိုပါ ယူကရိန်းနိုင်ငံသားများသည် မီဇိုရမ်မှတစ်ဆင့် တရားဝင်ခွင့်ပြုချက်မပါဘဲ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း NIA က စွပ်စွဲထားသည်။
၎င်းတို့သည် မြန်မာတပ်မတော်နှင့် တိုက်ခိုက်နေသည့် မြန်မာအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် ဒရုန်းစစ်ဆင်ရေးများ၊ ဒရုန်းတပ်ဆင်မှုများ၊ လှိုင်းနှောင့်ယှက်သည့် jamming နည်းပညာများနှင့် သင်တန်းများပေးရန် မြန်မာနိုင်ငံအတွင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု NIA က ဆိုသည်။ ထို့နောက် ၎င်းတို့သည် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် ATR-72-600 (XY-AMI) လေယာဉ်အား ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် အမေရိကန်နှင့် ယူကရိန်း နိုင်ငံသားများ ပါဝင်ပတ်သက်နေကြောင်း ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ဗဟိုအစိုးရထံမှ လက်ခံရရှိခဲ့သည်ဟု NIA က ပြောကြားခဲ့သည်။
မြစ်ကြီးနားမှ မန္တလေးသို့ ပြေးဆွဲရန်စီစဉ်ထားသည့် အဆိုပါလေယာဉ်သည် ဒေသစံတော်ချိန် ည ၈ နာရီ ၁၂ မိနစ်တွင် ခရီးသည်များ တင်ဆောင်နေစဉ် FPV kamikaze ဒရုန်း နှစ်စင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
အဆိုပါ ဒရုန်းများတွင် RPG အမျိုးအစား ထိပ်ဖူးများ တပ်ဆင်ထားပြီး လေယာဉ်၏ ခေါင်းပိုင်း၊ လေယာဉ်ကိုယ်ထည်နှင့် အမြီးပိုင်းတို့ထိခိုက်ပျက်စီးခဲ့သည်။တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဒရုန်းများကို အမေရိကန်နိုင်ငံသား ဗန်ဒိုက်နှင့် ဆက်နွှယ်နေသည့် အချိတ်အဆက်မှတစ်ဆင့် ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းများထံ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း စုံးစမ်းသိရှိခဲ့ရသည်ဟု NIA က ပြောကြားခဲ့သည်။
ဖမ်းဆီးရမိသူများထံမှ သိမ်းဆည်းရရှိထားသော စက်ပစ္စည်းများအတွင်းမှ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံမှတ်တမ်းများကို သိမ်းဆည်းရမိခဲ့ပြီး ယင်းမှတ်တမ်းများသည် အမှုအတွက် အရေးပါသော သက်သေအထောက်အထားများဖြစ်ကြောင်း NIA က ပြောကြားခဲ့သည်။
အဆိုပါ စက်ပစ္စည်းများမှ ရယူစစ်ဆေးခဲ့သော အချက်အလက်များကို လေ့လာဆန်းစစ်ခဲ့ချိန်တွင် ပြစ်မှုထင်ရှားစေသည့် အသေးစိတ် အချက်အလက်များနှင့် အကြောင်းအရာ အများအပြားကို ဖော်ထုတ်နိုင်ခဲ့ကြောင်း NIA က တရားရုံးကို တင်ပြခဲ့သည်။
သို့သော် အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို တရားရုံး၌ အတည်ပြု သက်သေပြနိုင်ခြင်း မရှိသေးပေ။
သံသယရှိသူများကြား ဆက်သွယ်မှုပုံစံနှင့် မြန်မာနိုင်ငံအခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကွန်ရက် မည်မျှအထိ ကျယ်ပြန့်သည် ဆိုသည့် အချက်ကိုလည်း NIA က စိစစ်ဖော်ထုတ်ရန် ကြိုးပမ်းလျက် ရှိသည်။
Ref: NDTV