Eleven Media Group

ယူကရိန်းက အမေရိကန်ထုတ် ဒုံးခွင်းဒုံးများ ဝယ်ယူရေးအတွက် အီးယူထံမှချေးငွေရန်ပုံငွေများကို ပထမဆုံးအကြိမ် တောင်းခံ

ပက်ထရီးယော့ဒုံးခွင်းဒုံးအတွက် အမေရိကန်ထုတ် PAC-3 ဒုံးကျည်များကို ယူရိုငွေဘီလျံချီအသုံးပြု၍ဝယ်ယူရန် ယူကရိန်း၏ မေတ္တာရပ်ခံချက်ကို ဥရောပသမဂ္ဂ(အီးယူ)က ပြန်လည်သုံးသပ်နေသည်ဟု ဥရောပတာဝန်ရှိသူများက ယခုသီတင်းပတ်ထဲတွင် ပြောကြားခဲ့သည်။

ဧပြီလထဲတွင် အတည်ပြုခဲ့သောယူရိုဘီလျံ ၉၀ ရှိထောက်ပံ့ရေးချေးငွေများကိုအသုံးပြုခွင့်ပေးရန်ယူကရိန်းကပထမဆုံးအကြိမ် တရားဝင်အားဖြင့်မေတ္တာရပ်ခံလာခြင်းဖြစ်သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်က စက်တင်ဘာ၂ ရက်တွင် X ၌ရေးသားဖော်ပြခဲ့ရာ၌" ကျွန်မတို့က ဥရောပလေကြောင်းကာကွယ်‌ရေးနဲ့ PAC-3ပက်ထရီးယော့စနစ်တွေ အပါအဝင် ယူကရိန်းကိုပံ့ပိုးတာတွေဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်"ဟု ဖော်ပြခဲ့ပြီး ယူကရိန်း၏ မေတ္တာရပ်ခံချက်ကိုနေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရုနှင့်အတူ အတည်ပြုပေးခဲ့သည်။

"ကျွန်မတို့က နေတိုးနဲ့အတူ ပိုမိုနီးနီးကပ်ကပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့လွတ်လပ်ခွင့်နဲ့လုံခြုံရေးကိုတိုက်ခိုက်တဲ့ဘယ်သူ့ကိုမဆိုဟန့်တားသွားမှာဖြစ်ပါတယ်"ဟု ဗွန်ဒါလေယန်က ပို့စ်တွင်ဆက်လက်ဖော်ပြခဲ့သည်။

ဗွန်ဒါလေယန်၏အတည်ပြုချက်သည် ယူကရိန်းကာကွယ်ရေးဝန်ကြီး Yevhenii Khmara ကနောက်ထပ်အကူအညီများပေးရန် မဟာမိတ်များကို ဖိအားပေးပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင်ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားက ကိယက်ဗ်၊ အိုဒက်ဆာ၊ အခြားမြို့များကို မရပ်လုနီးပါး လေကြောင်းတိုက်ခိုက်မှုများကို ဒုတိယမြောက်သီတင်းပတ်အထိဆက်လက်လုပ်ဆောင်နေသောကြောင့် ယူကရိန်းသည် ဒုံးခွင်းဒုံး ပြတ်လပ်မှုများကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည်။

"ယူကရိန်းဟာ ယူကရိန်းဒရုန်းတွေ ဝယ်ယူရေးအတွက် အမျိုးသားဘတ်ဂျက်ရန်ပုံငွေတွေကိုချထားပေးဖို့ မိတ်ဖက်နိုင်ငံတွေကိုတောင်းဆိုပါတယ်။ အီးယူ‌ချေးငွေတွေမြန်မြန်ချထားပေးဖို့ကိုလည်းတောင်းဆိုပါတယ်။ သိမ်းဆည်းထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုအသုံးပြုရေးအတွက်ဆွေးနွေးတာတွေပြန်လည်လုပ်ဆောင်ဖို့တောင်းဆိုပါတယ်"ဟု Khmara က ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

သူက ယူကရိန်းသည်လက်ရှိအချိန်တွင် ဒေါ်လာ ၂၇ ဘီလျံရှိသောကာကွယ်ရေးဘတ်ဂျက်လိုငွေပြမှုကို ရင်ဆိုင်နေရသည်ဆိုသော်လည်း ယူကရိန်းကိုပံ့ပိုးပေးခြင်းသည် ဥရောပအတွက် နိုင်-နိင် နေအထားဖြစ်သည်ဟုကာကွယ်ရေးဝန်ကြီးကဖော်ပြခဲ့သည်။

"ယူကရိန်းရဲ့ကာကွယ်ရေးမှာ ရင်းနှီးမြှုပ်နှံလိုက်တဲ့ယူရိုငွေတိုင်းဟာ ဟု ဥရောပလုံခြုံရေးမှာရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်"ဟု သူကဆိုသည်။

လပေါင်းများစွာအချိန်နှောင့်နှေးခဲ့ရပြီးနောက်ဧပြီလတွင်ဥရောပကောင်စီက အပြီးသတ်ဆောင်ရွက်ပေးခဲ့သော ချေးငွေယူရိုဘီလျံ ၉၀ ကို ယူကရိန်းကအသုံးပြုရန်မျှော်လင့်နေသည်။ ထိုငွေများထဲက ယူရိုဘီလျံ ၆၀ ခန့်သည် ကာကွယ်ရေးပစ္စည်းများ ဝယ်ယူရန်ဖြစ်ပြီး ယူရိုဘီလျံ ၃၀ မှာ ဘတ်ဂျက်ပံ့ပိုးမှုအတွက် ဖြစ်သည်။

Ref: Military Times
AFP photos

မူရင်းသတင်း — Eleven Media Group