Eleven Media Group

စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းတွင် လှုပ်ခတ်လာနိုင်ခြေရှိသည့် မြေငလျင်အန္တရာယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကို ခြိမ်းခြောက်နေကြောင်း ကျွမ်းကျင်သူများ သတိပေး

မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းတစ်လျှောက် ဖြစ်လာနိုင်ခြေရှိသည့် အကြီးစား ငလျင်လှုပ်ခတ်မှုတစ်ခုသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကို ခြိမ်းခြောက်လာနိုင်ကြောင်း ထိုင်းနိုင်ငံ၏ အင်ဂျင်နီယာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးခဲ့သည်။စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းသည် နှစ် ၁၀၀ လျှင် အလွန်အင်အားပြင်းထန်သည့် ငလျင်တစ်ကြိမ် လှုပ်ခတ်လေ့ရှိသည်ဟု ခန့်မှန်းထားသဖြင့် လက်ရှိတွင် စစ်ကိုင်းပြတ်ရွေ့ကြော၏ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ နှစ်ပေါင်း ၁၀၀ ပြည့်ရန် နီးကပ်လာချိန်တွင် အဆိုပါ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

စက်တင်ဘာ ၄ ရက်က သမ္မာဆက် တက္ကသိုလ်တွင် Designing Resilience: Technology Solutions for Disaster Preparedness in an Era of Climate Uncertainty ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ထိပ်တန်း သုတေသီများက ယခင် ငလျင်လှုပ်ခတ်မှုများအပေါ် အခြေခံပြီး ပြည်သူများနှင့် မြို့တော် အာဏာပိုင်များကို ပေါ့ပေါ့ဆဆ မနေကြရန် သတိပေးခဲ့ကြသည်။
အဆိုပါ ပြတ်ရွေ့ကြော၏ တောင်ဘက်ပိုင်းတွင် နောက်ဆုံး ပြင်းထန်သော ပြတ်ရွေ့လှုပ်ရှားမှုမှာ လွန်ခဲ့သော ၉၆ နှစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က သတ္တမမြောက် ရာမမင်းဆက် လက်ထက်တွင် ဖြစ်သည်။ထို့ကြောင့် နောက်ထပ် အင်အားပြင်းထန်သည့် ငလျင်တစ်ခုသည် မဝေးတော့သည့် အနာဂတ်တွင် ဖြစ်ပွားလာနိုင်ကြောင်း သိပ္ပံပညာရှင်များက သုံးသပ်ထားသည်။
စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက် စင်္ကြံတစ်လျှောက် ဖြစ်ပေါ်လာမည့် ငလျင်သည် ယခင် ပြတ်ရွေ့လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်ပါက ငလျင်ဗဟိုချက်မှာ ဘန်ကောက်မြို့နှင့် ပိုမိုနီးကပ်မည်ဖြစ်ရာ မြို့တော်၏ ပျော့ပျောင်းသည့် မြေဆီလွှာအတွင်းသို့ ပိုမိုပြင်းထန်သည့် တုန်ခါမှုများကို သက်ရောက်စေမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်၏ ပြင်းထန်မှုကို ဆုံးဖြတ်ရာတွင် မြေပြင်တုန်ခါမှု တစ်ခုတည်း မဟုတ်ဘဲ မြို့ပြဒေသ၏ ကြိုတင်ပြင်ဆင်ထားမှုနှင့် အဆောက်အအုံများ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကသာ အဓိက အဆုံးအဖြတ်ဖြစ်ကြောင်း သမ္မာဆတ် တက္ကသိုလ် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ မဟာဌာနမှ ပါမောက္ခ ဒေါက်တာ နာခွန်း ပူဝါရောဒွမ်က အလေးပေး ပြောကြားခဲ့သည်။
အတိတ်က ဖြစ်စဉ်များနှင့် နှိုင်းယှဉ်ရာ၌ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ဂျပန်နိုင်ငံ ကူမာမိုတိုတွင် လှုပ်ခတ်ခဲ့သော ငလျင်သည် အမြင့်ဆုံး မြေပြင်တုန်ခါမှု အမြင့်ဆုံး အရှိန်နှုန်း (PGA) ၂ ဒသမ ၄ အထိ အလွန်မြင့်မားစွာ စံချိန်တင်ခဲ့သော်လည်း ကြံ့ခိုင်သော အခြေခံအဆောက်အအုံများကြောင့် ထိခိုက်သေဆုံးသူ အနည်းငယ်မျှသာ ရှိခဲ့ကြောင်း ပါမောက္ခ ဒေါက်တာ နာခွန်းက ထောက်ပြခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံ မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့၌ မြေပြင်တုန်ခါမှုအရှိန်နှုန်း (PGA) ၀ ဒသမ ၀၂ မျှသာရှိခဲ့ပြီး ဂျပန်၏ မြေပြင်တုန်ခါမှုအရှိန်နှုန်းထက် အဆပေါင်းများစွာ ပိုမိုအားနည်းခဲ့သော်လည်း ဘန်ကောက်မြို့တော်ဧရိယာတစ်ခုလုံးတွင် လူပေါင်းများစွာ သေဆုံးပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
"မနှစ်က ဖြစ်ပွားခဲ့တဲ့ ငလျင်မျိုးဟာ နောက်ထပ် နှစ်ပေါင်း ၁၀၀ အတွင်း ပြန်ဖြစ်မလာဘူးလို့ သတ်မှတ်မထားသင့်ပါဘူး။စစ်ကိုင်းပြတ်ရွေ့ကြောဟာ ကမ္ဘာပေါ်မှာ လှုပ်ရှားမှု အရှိဆုံး ပြတ်ရွေ့ကြောတွေထဲက တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ပြင်းထန်တဲ့ တုန်ခါမှုတွေကို ခံနိုင်ရည်ရှိဖို့ အင်ဂျင်နီယာဆိုင်ရာ စည်းမျဉ်းတွေနဲ့ စံချိန်စံညွှန်းဆိုင်ရာ သုတေသနတွေ ရှိပြီးသား ဖြစ်ပေမဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ လက်တွေ့ လိုက်နာဆောင်ရွက်မှုအကြားမှာ စိုးရိမ်စရာကောင်းတက် ဟာကွက်တစ်ခု ကျန်ရှိနေဆဲ ဖြစ်ပါတယ်" ဟု နာခွန်းက ပြောကြားခဲ့သည်။

အဆောက်အအုံများ၏ ငလျင်ဒဏ်ခံနိုင်သည့် စည်းမျဉ်းစံနှုန်းများကို ဥပဒေအရ တင်းကျပ်စွာ လိုက်နာဆောင်ရွက်စေရန် ၎င်းက တောင်းဆိုခဲ့ပြီး၊ အိမ်ခြံမြေ ဝယ်ယူသူများနှင့် အငှားနေထိုင်သူများအနေဖြင့် အထပ်မြင့် အဆောက်အအုံများသို့ မပြောင်းရွှေ့မီ အဆောက်အအုံနှင့်ပတ်သက်သည့် လုံခြုံရေး စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးသင့်ကြောင်းလည်း နာခွန်းက ပြောကြားခဲ့သည်။
Ref: The Nation

မူရင်းသတင်း — Eleven Media Group