
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီက ရုရှားနှင့် အီရန်တို့သည် ယခုကဲ့သို့ နီးနီးကပ်ကပ်ဆောင်ရွက်မှု သမိုင်းတွင် မရှိခဲ့ဟု အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားက အရှေ့အလယ်ပိုင်းစစ်ပွဲတွင် ကြားဝင်ဖျန်ဖြေပေးသောကဏ္ဍမှပါဝင်ရန် ကြိုးပမ်းနေချိန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
အာရက်ချီက အောက်တိုဘာ ၁၉ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်ကို လက်ခံတွေ့ဆုံခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အီရန်သို့ရောက်လာခြင်းဖြစ်သည်။
"ကျွန်တော်တို့က ဥရောပကနေ အနောက်အာရှအထိ အားလုံးကို ဆွေးနွေးခဲ့ပါတယ်။ လက်ဘနွန်၊ ပါလက်စတိုင်း၊ ယူကရိန်း၊ ယီမင်ကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးနဲ့ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို တိုးချဲ့ဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်"ဟု အာရက်ချီက X တွင် ရေးခဲ့သည်။
"အီရန်နဲ့ရုရှားတို့ အခုလိုမျိုး နီးနီးကပ်ကပ် ဆောင်ရွက်တာဟာ သမိုင်းမှာ ဘယ်တုန်း ကမှမရှိခဲ့ဘူးပါဘူး"ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ဖော်ပြခဲ့သည်။
အမေရိကန်နှင့် အီရန်တို့၏ဆွေးနွေးမှုများ ရပ်ဆိုင်းနေချိန်တွင် မော်စကို၏ကြိုးပမ်းမှုက အကြီးစားစစ်ပွဲ ပြန်ဖြစ်မည်ကို တားဆီးရန် ရည်ရွယ်သည်ဟု အီရန်သို့မသွားမီ လက်ဗရော့ဗ်က ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် ပိတ်ဆို့မှု အများဆုံးခံထားကြရသော ရုရှားနှင့် အီရန်တို့သည် ရင်းနှီးသည့် ဆက်ဆံရေးများရှိထားကြသည်။