Eleven Media Group

နိုင်ငံရေးအကြမ်းဖက်မှု အဖြစ်နည်းသည့် ဩစတြေးလျတွင် လွှတ်တော်အမတ်တစ်ဦး ကားဖြင့် ဝင်တိုက်ခံရ

ဩစတြေးလျနိုင်ငံတွင် ဟယ်လင်ဟိန်းစ်အမည်ရှိ အမျိုးသမီးလွှတ်တော်အမတ်တစ်ဦး မဲဆန္ဒနယ်ရုံးအပြင်ဘက်တွင် ကားဖြင့် ဝင်တိုက်ခံရပြီးနောက် ခြေထောက်တစ်ဖက် ဖြတ်ပစ်လိုက်ရသည်။

ဩစတြေးလျဝန်ကြီးချုပ်က ယင်းဖြစ်စဉ်သည် မတော်တဆမှုမဟုတ်ဟု ပြောကြားသည်။

ဗစ်တိုးရီးယားပြည်နယ် အင်ဒီမဲဆန္ဒနယ် ကိုယ်စားပြုသည့် တစ်သီးပုဂ္ဂလ လွှတ်တော်အမတ် ဟိန်းစ်သည် အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဝမ်ဂါရတ်တာမြို့တွင် ၎င်း၏ကား နောက်ဖုံးအတွင်းမှ ပစ္စည်းများထုတ်ယူနေစဉ် Toyota Land Cruiser အမျိုးအစား SUV ကားဖြင့် ဝင်တိုက်ခံခဲ့ရသည်။

ကားမောင်းသမားသည် ဟိန်းစ်ကို ပထမအကြိမ် တိုက်ပြီးနောက် ကားကို နောက်ပြန်မောင်းကာ ဒုတိယအကြိမ် ထပ်မံတိုက်ရန် ကြိုးစားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ သို့သော် အနီးနားရှိလူတစ်ဦးက ဝင်ရောက်တားဆီးနိုင်ခဲ့သည်။

အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးခဲ့ပြီး ဖြစ်စဉ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်နေသည်။

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က ယခုဖြစ်စဉ်သည် မတော်တဆမှုမဟုတ်ဘဲ တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပေးသည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဆံပင်ညှပ်ဆိုင်မှ ပြေးထွက်လာကာ လွှတ်တော်အမတ်ကို ကူညီပေးခဲ့သည့်အပြင် သံသယရှိသူကို ဝိုင်းဝန်းထိန်းသိမ်းပေးခဲ့သည့် ဆံပင်ညှပ်ဆရာ တစ်ဦးနှင့်လည်း ဝန်ကြီးချုပ်က ဖုန်းဆက်သွယ်ပြောခဲ့သည်။

ဩစတြေးလျတွင် နိုင်ငံရေးအကြမ်းဖက်မှုများ ဖြစ်ပွားလေ့မရှိဘဲ နိုင်ငံရေးသမားများနှင့် ပြည်သူများ အလွယ်တကူ ထိတွေ့ဆက်ဆံနေကြသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ခံရမှုအပေါ် နိုင်ငံတစ်ဝန်း တုန်လှုပ်ခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group