Eleven Media Group

■အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် အဓိကလေဆိပ်ရှိ လေကြောင်းလိုင်းများ ပြေးဆွဲမှု ရပ်ဆိုင်း

အင်ဒိုနီးရှားနိုင်ငံတွင် အာနက် ကရာကာတော မီးတောင်မှ မီးခိုးပြာများ ထွက်ရှိလာမှုကြောင့် ဂျာကာတာမြို့ပြင် ရှိ အဓိကအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် စက်တင်ဘာ ၆ ရက်တွင် လေကြောင်းလိုင်းများ ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

အာနက် ကရာကာတော မီးတောင်သည် အောက်တိုဘာ ၅ ရက်က ပေါက်ကွဲခဲ့ပြီး ချော်ရည်များနှင့် ကီလိုမီတာ ၇၀၀ (မိုင် ၄၃၅) အကွာအဝေးအထိ ကြားနိုင်သည့် ထိတ်လန့်ဖွယ် အသံကြီးများထွက်ပေါ်ခဲ့ကြောင်း ဘူမိဗေဒ အေဂျင်စီက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၆ ရက်တွင် နောက်ထပ် မီးတောင်ပေါက်ကွဲမှု နှစ်ကြိမ်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း မီးတောင်ဗေဒ အေဂျင်စီက သတိပေးခဲ့သည်။

မီးတောင်မှ ထွက်ရှိသော မီးခိုးပြာများကို ဆူကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ပတ်ဝန်းကျင် လေထုအတွင်း တွေ့ရှိခဲ့ရသဖြင့် အာဏာပိုင်များက လေကြောင်းပြေးဆွဲမှုများကို စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲမှစ၍ ရပ်ဆိုင်းခဲ့ရသည်။

"နောက်ဆုံးပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက် တွေအရ ဆူကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဧရိယာ အတွင်း မီးတောင်ပြာများ ပျံ့နှံ့နေကြောင်း တွေ့ရှိခဲ့ရတာကြောင့် လေဆိပ်ပိတ်သိမ်းမှုကို စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၉နာရီခွဲအထိ တိုးမြှင့်ခဲ့ပါတယ်" ဟု ပို့ဆောင်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းသို့ ပိတ်သိမ်းလိုက်ရခြင်းကြောင့် ခရီးသည် ၂၂,၀၀၀ ကျော် ထိခိုက်မှုရှိခဲ့ပြီး အထူးသဖြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာမည့် သို့မဟုတ် စင်ကာပူနိုင်ငံမှ လာမည့် လေယာဉ်ခရီးစဉ်များ အပါအဝင် မပျံသန်းနိုင်သည့် ခရီးစဉ်ပေါင်း ၂၀၉ ခုရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။

ထိခိုက်မှုရှိခဲ့သည့် အခြားသော အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများတွင် ဒိုဟာ၊ ဆစ်ဒနီနှင့် ကွာလာလမ် ပူမြို့များ ပါဝင်သည်။

ကရာကာတော၏ ရင်သွေးဟု အဓိပ္ပာယ်ရသော အာနက်ကရာကာ တောမီးတောင်သည် ဂျာဗားကျွန်းနှင့် ဆူမားတြားကျွန်းတို့ကို ပိုင်းခြားထားသည့် ပင်လယ်ကွေ့အတွင်း တည်ရှိသည်။

အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှားသည် ပစိဖိတ်မီးကွင်းပေါ်တွင် တည်ရှိပြီး ထိုနေရာသည် တိုက်ကြီးများ၏ ကျောက်ချပ်များ ဆုံတွေ့ရာနေရာဖြစ်သဖြင့် မီးတောင်လှုပ်ရှားမှုနှင့် ငလျင်လှုပ်ရှားမှုများ ပြင်းထန်စွာ ဖြစ်ပွားလေ့ရှိသည်။

Ref:AFP ,Photo:AFP

မူရင်းသတင်း — Eleven Media Group