
ဂျာမနီက စစ်ပွဲကို ထပ်မံအလိုရှိနေသည်ဟု စက်တင်ဘာ ၆ ရက်တွင် ထုတ်လွှင့်ခဲ့သော အင်တာဗျူး၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး လိုက်ပဇစ်လေဆိပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် ရုရှားကို အပြစ်တင်ထားသည့် ဂျာမနီ၏ စွပ်စွဲပြောကြားမှုများကို ပယ်ချခဲ့သည်။
ဂျာမနီအစိုးရက အဆိုပါတိုက်ခိုက်မှုအတွက် ရုရှားကိုအပြစ်တင်ခဲ့ပြီး နိုင်ငံအရှေ့ပိုင်းရှိ ဗျူဟာကျသော လေဆိပ်ကို ဖောက်ခွဲရေးပစ္စည်းအပြည့်ပါသော ဒရုန်းပါဝင်သည့် hybrid attack အတွက် အဆင့်နိမ့်အေးဂျင့်များ(low-level agents)ကို စေလွှတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
အီးယူနိုင်ငံများက ရုရှားသံတမန်များကို ဆင့်ခေါ်ခြင်းနှင့်အတူ ယခုသီတင်းပတ်ထဲတွင် ရုရှားနှင့်ဂျာမနီတို့က မိမိတို့၏ ယဉ်ကျေးမှုဌာနများကို ပိတ်ခဲ့ကြသည်။
"ဒါဟာ ယေဘုယျအားဖြင့် စစ်ပွဲအစစ်တစ်ခုရဲ့ အစဖြစ်ပါတယ်။ သူတို့က ကောင်စစ်ဝန်ချုပ်ကို ဘွန်းကနေ နှင်ထုတ်ခဲ့ပါတယ်။ သူတို့က ဘာလင်မှာရှိတဲ့ ရုရှားယဉ်ကျေးမှုဌာနကို ပိတ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် မစခင်တုန်းက အဲဒါမျိုးကို ကျွန်တော်မှတ်မိနေပါတယ်။ သူတို့က စစ်ပွဲကို ထပ်မံအလိုရှိနေတာပါ"ဟု ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့က အစိုးရပိုင်ရုပ်သံဌာန၏ သတင်းထောက်ကို ပြောကြားခဲ့သည်။
သူက နာဇီဝါဒနှင့်ပတ်သက်၍ ဂျာမနီကို စွပ်စွဲခဲ့ပြီး ရုရှားခေါင်းဆောင်ပိုင်းက ဆီလျော်သည့် ကောက်ချက်များ ချလိမ့်မည်ဟု ဆိုသည်။
အင်တာဗျူးအစိတ်အပိုင်း အချို့ကို ရုရှား၏ Vesti ရုပ်သံလိုင်းက ထုတ်လွှင့်ပေးခဲ့ခြင်း ဖြစ်သည်။
Ref:AFP,Photo.AFP