Eleven Media Group

■ ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲသည့် အမှတ် (၈) အစုန် DEMU ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူကို ဖမ်းဆီး

ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲသည့် အမှတ် (၈) အစုန် DEMU ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူကို ဖမ်းဆီးရမိကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ စက်တင်ဘာ ၅ ရက် ညနေ ၅ နာရီ ၄၁ မိနစ်တွင် အမှတ် (၈) အစုန် နေပြည်တော် - ရန်ကုန် DEMU လူစီးအမြန်ရထားသည် ခရီးဆုံးဘူတာဖြစ်သည့် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိပြီး ညနေ ၅ နာရီ ၅၅ မိနစ်တွင် ရထားတွဲဆိုင်းအားသိမ်းယူရန် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ ထွက်ခွာစဉ် ကြည့်မြင်တိုင် ဘူတာအဝင် မိုင်တိုင် ၃/၁၀ နှင့် မိုင်တိုင် ၃/၁၁ အကြား ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရထားဖြတ်သန်းစဉ် ဘုန်းကြီးကျောင်းလမ်းကူးမှ အမည်မသိလူတစ်ဦးက ရထားအားခဲဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ အထက်တန်းတွဲ DEMU (U) 5020 ၏ ခုံအမှတ် 3A နှင့် 3B အကြား ပြတင်းတံခါးဘေး လေကာမှန်နှစ်လက်မခန့် ပေါက်ထွက်ကြေမွ ကွဲအက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့စစ်ဆေးခဲ့ပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းအရ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် ဝိုင်းပတ်ပိတ်ဆို့ပြီး ရထားသံလမ်းတစ်လျှောက်ရှာဖွေခဲ့ရာ စက်တင်ဘာ ၆ ရက် နံနက် ၃ နာရီခန့်တွင် စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်၊ ခတ္တာလမ်းရှိ အလုံမြို့နယ် အလုံဘူတာနှင့် ရှမ်းလမ်းဘူတာအကြား ရထားလမ်းဘေးမြောင်းအဖုံးပေါ်တွင် အိပ်နေသူ တင်ထွန်း (ခ) ဂနေးစား အသက် (၄၁) နှစ် (ဘ) ဦးမန်းနီး၊ ဆင်မင်းလမ်းဆင်မင်းရပ်ကွက် အလုံမြို့နယ်နေသူအား CCTV မှတ်တမ်းဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ တူညီမှုရှိသဖြင့် ၎င်းအား ဖမ်းဆီးခေါ်ဆောင်၍ စမ်းချောင်းမြို့မရဲစခန်း၌ (ပ)၃၆၁/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ (၈၄) ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး ထပ်မံစစ်ဆေးခဲ့ရာ စက်တင်ဘာ ၄ ရက်က အလားတူဖြစ်ပွားခဲ့သည့် အမှတ် (၈) အစုန် DEMU ရထား၏ပထမတန်းတွဲအား ခဲဖြင့်ပစ်ပေါက်ခဲ့သည့် အမှုပါပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကိုတစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ အနှစ် ၂၀ အထိ မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ပြီး ဖမ်းဆီးရမိသော တရားခံများကို ဥပဒေနှင့်အညီ ထောင်ဒဏ်များ အသီးသီးချမှတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန်လိုအပ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group