Eleven Media Group

■အီဂျစ်တွင် နာမည်ကျော်ရုပ်သံတင်ဆက်သူတစ်ဦး မူးယစ်ဆေးဝါးမှုဖြင့် သေဒဏ်ချမှတ်ခံရ

မူးယစ်ဆေးဝါး မှောင်ခိုလုပ်မှုကွန်ရက်တွင် ပါဝင်ပတ်သက်ခဲ့သည့် စွဲချက်ဖြင့် သေဒဏ်ချမှတ်ခံရသူ ၁၂ ဦးတွင် နာမည်ကျော် ရုပ်သံတင်ဆက်သူ ဆာရာခါလီဖာလည်း ပါဝင်ကြောင်း အီဂျစ်အစိုးရပိုင် အယ်လ်အာရမ်သတင်း စာက စက်တင်ဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။

ကိုင်ရို ရာဇဝတ်မှုတရားရုံးက ဆာရာခါလီဖာအပါအဝင် အပြစ်သား ၁၂ ဦးကို ကြိုးပေးသည့်နည်းဖြင့် သေဒဏ်ချမှတ်ခဲ့သည့်အပြင် တစ်ဦးလျှင် အီဂျစ်ပေါင်ငါးသိန်း (အမေရိကန်ဒေါ်လာ ၉,၈၀၀ ခန့်) စီ ဒဏ်ငွေချမှတ်ခဲ့သည်။

တရားခံများသည် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပစ္စည်းများကို ပြည်ပမှ တင်သွင်းကာ ဆေးများထုတ်လုပ်ပြီး ရောင်းဝယ်ဖောက်ကားရန် ရာဇဝတ်ဂိုဏ်းတစ်ခုကို စနစ်တကျ ဖွဲ့စည်းထားသည်ဟု စွပ်စွဲခံထားရသည်။ လိုင်စင်မရှိဘဲ သေနတ်များ လက်ဝယ်ထားရှိမှုဖြင့်လည်း တရားစွဲခံခဲ့ရသည်။

အာဏာပိုင်များက တရားခံများ မူးယစ်ဆေး သိုလှောင်ထုတ်လုပ်သည်ဟု ယူဆရသည့် လူနေအိမ်တစ်ခုကို သွားရောက်ရှာဖွေရာ ဓာတုမူးယစ်ဆေးဝါး ၇၅၀ ကီလိုဂရမ်နှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများကို သိမ်းဆည်းရမိခဲ့သည်။

အင်စတာဂရမ်တွင် ဖော်လိုဝါနှစ်သန်းခွဲရှိသည့် ဆာရာခါလီဖာသည် ကိုယ်ပိုင်အလှအပ ဆေးခန်းတစ်ခုလည်း ဖွင့်ထားသည်။ သေဒဏ်ချမှတ်သည့်အချိန်တွင် ၎င်းက ငိုကြွေးခဲ့ပြီး စာနာပေးရန်နှင့် လူသားဆန်စွာ စဉ်းစားပေး ရန် တောင်းဆိုခဲ့သည့် မှတ်တမ်းဗီဒီယို လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံလာသည်။ “ဘဝမှာ ဆေးလိပ်တစ်လိပ် တောင် မသောက်ဖူးပါဘူး။ ဘုရားသခင်ကို ကျိန်ဆိုပါတယ်။ ကျွန်မ မတရားစွပ်စွဲခံရတာပါ” ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အမ်နက်စတီ၏ အချက်အလက်များအရ အီဂျစ်တွင် ၂၀၂၅ ခုနှစ်အတွင်း သေဒဏ်ချမှတ်မှု ၄၉၂ မှုရှိခဲ့ပြီး ကမ္ဘာပေါ်တွင် သေဒဏ်ချမှုအများဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ခဲ့သည်။ အီဂျစ်တွင် မူးယစ်ဆေးဝါး မှောင်ခိုလုပ်မှု၊ အကြမ်းဖက်မှုနှင့် ကြိုတင်ကြံစည် လူသတ်မှုတို့အတွက် သေဒဏ် ချမှတ်နိုင်သည်။

Ref:CNN, Photo: Sarah Khalifa/ Instagram

မူရင်းသတင်း — Eleven Media Group